မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဆင်တဲဝချောင်းတံတား ဖွင့်လှစ်ပွဲတက်ရောက်

မြင်းခြံ  ၁၉  အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ဆင်တဲဝချောင်းကူးတံတားဖွင့်လှစ်ပွဲကို တံတား မြောက်ဘက်ရှိနေရာတွင် အောက်တိုဘာလ ၁၉ ရက် နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ ဆင်တဲဝချောင်းကူးတံတားဖွင့်လှစ်ပွဲကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက တံတားဆောက်လုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 

 

ေ

 

ထို့နောက် ဒေသခံပြည်သူတစ်ဦးဖြစ်သော တစ်မိုက်သာကျေးရွာနေ ဦးကျော်မျိုးအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ဆင်တဲဝချောင်းကူးတံတားအား လူရည်ချွန်မောင်မယ် (၄) ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် ဆင်တဲဝချောင်းကူတံတား ကဗ္ဗည်းမော်ကွန်း ကျောက်စာတိုင်ကို ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးခဲ့ကြပြီး ဆင်တဲဝ ချောင်းကူးတံတားပေါ်ကို ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။

 

ေ

 

အဆိုပါ ဆင်တဲဝချောင်းကူးတံတားမှာ ညောင်ဦး-မြင်းခြံ လမ်း တံတားအမှတ် (၁၁) ၌ တည်ရှိပြီး ဆင်တဲဝချောင်းအားဖြတ်သန်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၂) မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ငွေကျပ်သန်းပေါင်း (၂၅၀ဝ) ကုန်ကျခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဆင်တဲဝချောင်းကူးတံတား ပေအရှည်မှာ (၉၃၅) ပေရှိပြီး လူသွားလမ်းအကျယ် တစ်ဖက်လျှင် (၃) ပေစီ ပါဝင်ကာ ယာဉ်သွားလမ်းအကျယ် (၂၄) ပေရှိ၍ နှစ်လမ်းသွား သံကူကွန်ကရစ် တံတားဖြစ်ပြီး၊ တံတား၏အပေါ်အား ကြိုတင်အားဖြည့် သံကူကွန်ကရစ်ကြမ်းခင်းနှင့် လက်ရန်းတို့ဖြင့် တည်ဆောက်ထားသည် တံတားအောက်ထည်မှာ သံကူကွန်ကရစ်အမျိုးအစားဖြစ်ကာ တံတား၏ အုတ်မြစ်မှာ ၁ ဒဿမ ၂ မီတာ အချင်းရှိသည့် သံကူ ကွန်ကရစ် ဘိုးပိုင်အုတ်မြစ်အမျိုးအစားဖြစ်ကြောင်းနှင့် တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် (၆၀) ဖြစ်ကြောင်း သိရှိရသည်။ ဆင်တဲဝချောင်းကူးတံတား တည်ဆောက်ပြီးစီးခြင်းကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ကုန်စည်စီးဆင်းမှုများ ပိုမိုဆောင်ရွက်နိုင် တော့မည်ဖြစ်သည်။ ထို့အပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးများနှင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသွားလာမှု ပိုမိုလွယ်ကူလျင်မြန်လာမည်ဖြစ်၍ အကျိုးကျေးဇူးကြီးမားသော တံတားဖြစ်ကြောင်း သိရှိရသည်။

ဇော်မင်းနိုင်(မြင်းခြံ)