မန္တလေး ဧပြီ ၃၀

 

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးအတွင်း ပြန်လည် ကျင်းပစစ်ဆေးသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား သင်ခန်းစာများကို အနီးကပ်သင်ကြားပို့ချပေးနေမှုနှင့် ငလျင်ဒဏ်သင့်နေရာ များမှ ထိခိုက်ဒဏ်ရာရရှိသူများအား ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသပေး နေမှုများကို ယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

 

ထိုသို့ကြည့်ရှုရာ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြင်ဦးလွင်မြို့ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းသို့ရောက်ရှိပြီး ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ နိုင်ငံတော်က အလေးထားဆောင်ရွက်နေသည့် ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ ပြန်လည်ကျင်းပ စစ်ဆေးသော တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အခက်အခဲမရှိ ချောမွေ့စွာဖြင့် စာမေးပွဲပြီးဆုံးသည်အထိ ဖြေဆိုသွားနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူ များအား ဆရာ ဆရာမများက ဘာသာရပ်အလိုက် အနီးကပ်သင်ကြားပေးနေမှုများကို လိုက်လံကြည့်ရှု ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မတ်လအတွင်းဖြေဆိုခဲ့သည့် စာဖြေလွှာများကို မန္တလေးတက္ကသိုလ် ပင်မဆောင်တွင် စာစစ်လုပ်ငန်းများ ဆောင်ရွက်နေစဉ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပင်မဆောင်အဆောက်အအုံ ထိခိုက်ပြိုကျပျက်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဖြေ လွှာများ မီးလောင်ပျက်စီးခဲ့ရခြင်းများ၊ စာမေးပွဲပြန်လည်ကျင်းပပေးရခြင်း ရည်ရွယ်ချက်များ၊ နိုင်ငံတော်က စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အခက်အခဲမရှိစေရေး အဆင်ပြေ ချောမွေ့စွာဖြင့်ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ထောက်ပံ့ဖြည့်ဆည်းပေးနေမှုများနှင့် စိတ်ဓာတ်ခွန်အား အမြင့်ဆုံးထားကာ အခက်အခဲများကို မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ရင်ဆိုင်ကျော်ဖြတ် ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း အားပေးစကားများ ပြောကြားခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် မန္တလေးငလျင် ကြီးကြောင့် ငလျင်ဒဏ်သင့်နေရာများမှ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးကုသမှုပေးနေပြီး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်နေမှုများကို လိုက်လံကြည့်ရှုအားပေး၍ အာဟာရ ဖြည့်စွက်စာများပေးအပ်ကာ ငလျင်ဒဏ်ကြောင့် ဆေးကုသဆောင်အဆောက်အအုံအချို့ ထိခိုက် ပျက်စီးခဲ့မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် Oriental Highway Co.,Ltd. မှ ဆောင်ရွက်နေသည့် မန္တလေး-လားရှိုး-ဗန်းမော်- မြစ်ကြီးနားလမ်း (ပြင်ဦးလွင်လမ်းပိုင်း) မိုင်တိုင် ၃၄/၂ မှ မိုင်တိုင် ၃၉/၆ (၅/၄)မိုင် ယာဉ်ကြောပြအမှတ်အသားလိုင်းရေးဆွဲနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။   

 သတင်းစဉ်