မန္တလေး အောက်တိုဘာ ၂၉ 

ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား (၁၆)ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်ကို နေ့၊ ည မီးပုံးပျံပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ကြိုတင်ပြင်ဆင်ထားရှိမှုများကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမောင်ကိုသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးသည်။  

ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ပွဲတော်ကျင်းပရေး လုပ်ငန်းဆပ်ကော်မတီ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြင်ဦးလွင်မြို့၏ အေးချမ်းသာယာမှု၊ ကြွယ်ဝမှုနှင့် တိုင်းဒေသကြီး၏ ဖွံ့ဖြိုး တိုး တက်မှုကို အထောက်အကူဖြစ်စေရန် ပွဲတော်ကို ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်တစားလာရောက်ကြည့်ရှုခြင်းဖြင့် ဒေသစီးပွား ရေးလုပ် ငန်းများ ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ မီးပုံးပျံလွှတ်ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြင့်တစ်ဦးနှင့်တစ်ဦးနားလည်မှု၊ စည်းလုံးညီညွတ်မှု၊ စုပေါင်းဆောင်ရွက်တတ်မှု စသည့် အလေ့အကျင့်ကောင်းများ ရရှိလာမည်ဖြစ်ကြောင်း၊ ဘုရားဖူးလာသူများနှင့် ပွဲတော်လာ ရောက်သူများ စိတ်ချမ်းမြေ့စွာဖြင့် ပျော်ရွှင်စွာပါဝင်ဆင်နွှဲရေး ဆပ်ကော်မတီများ အနေဖြင့်  ကဏ္ဍအလိုက် စီမံခန့်ခွဲမှုများ လစ်ဟာမှုမရှိစေရေး အလေးထားဆောင်ရွက်ကြရမည်ဖြစ် ကြောင်း ပြောကြားသည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံပျံပွဲတော် ကျင်းပမည့်နေရာ၊ ပွဲကြည့်စင်၊ မီးပုံးများလွှတ်တင်ပူဇော်မည့်ကွင်း၊ ကြိုတင်ပြင်ဆင်ဆောင် ရွက်ပြီးစီးမှုများကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ၂၀၀၅ ခုနှစ်မှစတင်၍ နှစ်စဉ်နှစ်တိုင်း စည်ကား သိုက်မြိုက်စွာကျင်းပလာခဲ့ရာ (၁၆)ကြိမ်ရှိပြီဖြစ်သည်။ ပွဲတော်ကို နိုဝင်ဘာ ၄ရက် မှနိုဝင်ဘာ၈ရက်အထိကျင်းပသွားမည်ဖြစ်ပြီး  မသိုးသင်္ကန်းယက္ကန်းခတ်ပူဇော်ပွဲကို ဘုရားရင် ပြင်တော်တွင် လပြည့်နေ့ နံနက်၅နာရီအချိန်အပြီး ဆက်ကပ်ပူဇော်သွား မည်ဖြစ်ကာ ယင်းနေ့ ညနေ၆နာရီတွင် ဘုရားရင်ပြင်တော်၌ ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်မည်ဖြစ်သည်။
မီးပုံးပျံကွင်းတွင် စိန်နားပန် မီးပုံးပျံ (၁၆)လုံး၊ ည မီးကျည် မီးပုံးပျံ(၁၄)လုံး၊ နေ့အရုပ်အလှတို့ကို အဖွဲ့ ၄၆ ဖွဲ့မှ မီးပုံးပျံများ ယှဉ် ပြိုင်ကြမည်ဖြစ်ပြီး နေ့အရုပ်ပြိုင်ပွဲများကို မွန်းလွဲ ၁နာရီ မှ ညနေ ၄နာရီအထိ၊ ညမီးကျည်နှင့် စိန်နားပန် မီးပုံးပျံလွှတ်ပြိုင်ပွဲများကို ညနေ ၆ နာရီမှ ည ၁၁ နာရီ အထိကျင်းပသွားမည်ဖြစ်ကာ ရိုးရာခြင်း အလှခတ်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ ဘော်လီ ဘောပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲများကို မီးပုံးပျံ ကွင်းအတွင်း နိုဝင်ဘာ ၅ ရက်မှစ၍ နေ့စဉ်နံနက်၈နာရီမှ ညနေ ၆ နာရီအထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ 

ပွဲတော်ကာလအတွင်း မြို့မတေးဂီတအဖွဲ့နှင့် ကျောက်ဆည်ဆင်အကအဖွဲ့ဖြင့် ဧည့်ခံ ဖျော်သွားမည်ဖြစ်ကြောင်းနှင့် ဂုဏ်ပြုဆုငွေများကို ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်