မန္တလေး ဇွန် ၂၄

 

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုခဲ့သည့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စာစစ်ဌာနအသီးသီးမှ အဖြေလွှာများကို စနစ်တကျသိမ်းဆည်း၍ သက်ဆိုင်ရာ စာစစ်ဌာနသို့ ပို့ဆောင်ပေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး မန္တလေး တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနအသီးသီးမှ အဖြေလွှာများကို သက်ဆိုင်ရာစာစစ်ဌာနသို့ မြန်မာ အမျိုးသားလေကြောင်းလိုင်းဖြင့် ပို့ဆောင်မှုအား စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမရပူရမြို့နယ်၌ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်မင်းကြီးမြတ်စွာဘုရား ဆင်းတုတော်ကြီး၊ ဘုရားပရိဝုဏ်အတွင်းရှိ ဆင်းတုတော်များနှင့် သာသနိကအဆောက်အအုံများကို လိုက်လံကြည့်ရှုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသည့် ဘိလပ် မြေအိတ် ၅၀၀ ကို ဂေါကပအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ လှူဒါန်းပေးအပ်သည်။

 

ထို့နောက် တောင်လေးလုံးကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်၍ ဩဝါဒများခံယူကာ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်အတွင်း ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် တောင်သမန် မယ်ဇယ်လွင်ပြင်ရှိဈေးဆိုင်ခန်းများ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှု အခြေအနေများနှင့် တောင်သမန်အင်း ဝန်းကျင်နေရာများသို့လည်းကောင်း၊ ချမ်းမြသာစည် မြို့နယ်ရှိ ကန်တော်ကြီးဝန်းကျင်နှင့် ကန်ပတ်လမ်း နေရာများသို့လည်းကောင်း သွားရောက်၍ အစဉ်အမြဲ သန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်