မန္တလေး ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် Under-Secretary-General ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (United Na-tions Office for Project Services-UNOPS) မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Jorge Manuel Lopes Moreira Da Silva ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနှင့် ကုလသမဂ္ဂအကြား လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများ၊ UNOPS မှ စီမံခန့်ခွဲလျက်ရှိသည့် ရန်ပုံငွေများဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေမှုများနှင့် ဆက်လက်ဆောင်ရွက် ပေးသွားမည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်