မန္တလေး ဖေဖော်ဝါရီ ၂၆

 

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးဗဟိုအကျဉ်းထောင်ရှိ သီးသန့်တရားရုံး အဆောက်အအုံများကို သွားရောက်ကြည့်ရှုသည်။

 

ဦးစွာ မန္တလေးဗဟိုအကျဉ်းထောင်ရှိ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့်အဖွဲ့အား မန္တလေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် မန္တလေးဗဟိုအကျဉ်းထောင်မှ ဒုတိယညွှန်ကြားရေးမှူးတို့က အကျဉ်းထောင်ဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အကျဉ်းထောင်တွင် သီးသန့်တရားရုံးဖြင့် ရုံးထိုင်စစ်ဆေးနေသည့်အမှုများ၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးဆောင်ရွက်ရာတွင် မြန်ဆန်မှန်ကန်စွာ ကြန့်ကြာမှုမရှိစေရေးနှင့် ရုံးလုပ်ငန်းများ ပိုမိုအဆင် ပြေချောမွေ့စွာ ဆောင်ရွက်သွားရေးတို့ကို မှာကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်တို့က ကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး မန္တလေးဗဟိုအကျဉ်းထောင်ရှိ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်