မန္တလေး ၂၇ ဒီဇင်ဘာ

 

မန္တလေး တက္ကသိုလ် ရာပြည့်အကြို ဓာတ်ပုံပြပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေး တက္ကသိုလ် စာကြည့်တိုက်ရှေ့တွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒေါက်တာမျိုးသိမ်းကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းနှင့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ  သီတာဝင်းတို့ တက်ရောက် ဖွင့်လှစ်ပေးပြီး ဓာတ်ပုံပြပွဲကို ကြည့်ရှုအားပေးကြသည်။

 

ရာပြည့်အကြို ဓာတ်ပုံပြပွဲတွင် မန္တလေးတက္ကသိုလ် အဆင့်ဆင့် ပြောင်းလဲလာပုံ၊ မန္တလေး   တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ မန္တလးတက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ ဝတ်စားဆင်ယင်မှု ပြောင်းလဲလာပုံများ၊  မန္တလေး တက္ကသိုလ်ထွက် အောင်မြင်ကျော်ကြား ပုဂ္ဂိုလ်များ၊ မန္တလေး တက္ကသိုလ်တွင် ကျင်းပခဲ့သည့် ဂီတ၊ စာပေ၊ အနုပညာ၊ ဘာသာရေးနှင့် ဘွဲ့နှင်းသဘင် အခမ်းအနားများ မှတ်တမ်း ဓာတ်ပုံများနှင့် ဘာသာရပ် အသင်းလှုပ်ရှားမှုများအား ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ပြသထားပြီး စာပေစကားဝိုင်းနှင့် ရေးသူဖတ်သူ ဆွေးနွေးပွဲများလည်း ကျင်းပကြသည်။

 

ဆက်လက်၍ နံနက် ၉ နာရီတွင် မန္တလေးတက္ကသိုလ် သမိုင်းဌာန တည်ထောင်သူ ဒေါက်တာ   သန်းထွန်း အထိမ်းအမှတ် သမိုင်းဌာန သမိုင်းပြတိုက် ဖွင့်ပွဲကို မဟာစည်သူ ခန်းမတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်      ဒေါက်တာ ဇော်မြင့်မောင်တို့က အဖွင့်အမှာစကား ပြောကြားပြီး သမိုင်းဌာန ပါမောက္ခ/ဌာနမှူး     ဒေါက်တာ ရီရီဝင်းက သမိုင်းပြတိုက် ဖြစ်ပေါ်လာပုံနှင့် ခင်းကျင်းပြသ ထားမှုများအား ရှင်းလင်း တင်ပြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သမိုင်းပြတိုက်အတွင်း ခင်းကျင်းပြသထားသော ရှေးဟောင်းပေစာ၊ ပုရပိုဒ်များ၊ စုဆောင်းထားသော ရှေးဟောင်း ပစ္စည်းများများအား ကြည့်ရှုကြသည်။

 

မောင်ပြည်သူ(မန္တလေး)