နေပြည်တော် ဧပြီ ၂၄
မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးတက္ကသိုလ် သုတေသနစင်တာရှိ အစည်းအဝေးခန်း၌ ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခ ချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မန္တလေးတက္ကသိုလ်ရာပြည့်သဘင်ကို နိုင်ငံဂုဏ် ဆောင်တက္ကသိုလ် အဖြစ် ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန်၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို အထောက်အကူပြုစေမည့်ပညာရပ်များ ဆက်လက်မြှင့်တင်ဖြည့် ဆည်းပေးရန်၊ ပညာအခြေပြု လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗလငါးတန်နှင့်ပြည့်စုံသည့် ဘွဲ့ကြို၊ ဘွဲ့လွန်လူငယ်များ၏ တီထွင်ဖန်တီးမှုစွမ်းရည်များပြသရန်၊ တက္ကသိုလ်၏ ရှေ့နှစ် ၁၀၀ မျှော်မှန်းချက်ချမှတ်ရန် စသည့် ရည်ရွယ်ချက်များဖြင့် လာမည့် အောက်တိုဘာတွင် စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ကျင်းပနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေး တက်ရောက်လာသူများ၊ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ကျောင်းသား ကျောင်းသူဟောင်းများ အားလုံး၏ စုပေါင်းအားဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြို့မိမြို့ဖများ၊ ကျောင်းသား ကျောင်းသူဟောင်းများအနေဖြင့် မိမိတို့ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍအလိုက် ညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် တက်ရောက်လာသူများက ရာပြည့်သဘင်ကို စည်ကားသိုက်မြိုက် စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး မန္တလေးတက္ကသိုလ် သုတေသနစင်တာရှိ သုတေသနသုံး စက်ပစ္စည်းများကို သွားရောက်ကြည့်ရှုစစ်ဆေး၍ တက္ကသိုလ်အတွက် အကျိုးရှိထိရောက်သော သုတေသနလုပ်ငန်းများတွင် စနစ်တကျအသုံးချဆောင်ရွက်နိုင်ရေး မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလာတက္ကသိုလ်၊ ကျောက်ဆည် တက္ကသိုလ်များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဇွန်လအမီ ကျောင်းဖွင့်နိုင်ရေးစီစဉ် ဆောင်ရွက်ထားမှု အခြေအနေများကို လည်းကောင်း၊ ကျောက်ဆည်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ (လမ်းခွ)အခြေခံပညာ အထက်တန်းကျောင်း၊ ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်းများ ဇွန်လကျောင်းဖွင့်ချိန်အမီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများကို အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မတ် ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အချို့မှ ကျောင်းသား ကျောင်းသူများ၏ တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးမှုကြောင့် လာမည့် မေ ၁၆ ရက်တွင် တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုကြရ မည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြ မည့် ကျောင်းသား ကျောင်းသူများကို သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် ဘာသာ ရပ်ဆိုင်ရာ ပြန်လည်သင်ကြားပေးမည့်အပြင် ပုံနှိပ်ဖတ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး မပျက်မကွက် ပညာသင်ကြားနိုင်ရေးအတွက် မိမိတို့အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားကာ ကျောင်းအတွက်လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)