မန္တလေး ၁၄ စက်တင်ဘာ


မန္တလေးမြို့ မြို့မိမြို့ဖများက မန္တလေးတက္ကသိုလ်တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများအနက် ဘာသာရပ်အလိုက် အထူးချွန်ဆုံး ကျောင်းသား ကျောင်းသူတို့အား ပညာရည်ချွန်(ရွှေတံဆိပ်)ဆု ချီးမြှင့်ပွဲကို ၂၀၁၇ ခုနှစ်မှစ၍ နှစ်စဉ် ပေးအပ်ချီးမြှင့်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တတိယအကြိမ် ပညာရည်ချွန်(ရွှေတံဆိပ်)ဆု ပေးအပ်ချီးမြှင့်ပွဲကို စက်တင်ဘာ ၁၄ ရက် နံနက် ၈ နာရီက မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။


ဆက်လက်၍ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းက ကျေးဇူးတင်စကားပြောကြားပြီး မြို့မိမြို့ဖ အလှူရှင်များကိုယ်စား အလှူရှင် ဦးမောင်ကို(ထာဝရကုမ္ပဏီ)က ဆုချီးမြှင့်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆုချီးမြှင့်ရေးကော်မတီမှ ဦးစိုးလွင်က ဘဏ္ဍာရေးဆိုင်ရာများကို ရှင်းလင်းပြောကြားကာ ပညာရည်ချွန် ရွှေတံဆိပ်ဆုရှင် ၂၁ ဦးကို အခေါက်ရွှေတစ်ကျပ်သား ဆွဲပြားများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။


ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က မန္တလေးမြို့မိမြို့ဖ အလှူရှင်တို့အား ဂုဏ်ပြုလွှာများပေးအပ်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဆုရ ကျောင်းသူကျောင်းသားများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကြောင်း သိရသည်။


မန္တလေးမြို့မှ အလှူရှင်မြို့မိမြို့ဖများသည် ပညာရည်ချွန်ရွှေတံဆိပ်ဆု ရရှိသူများအတွက် ရွှေဈေးတက်နေသော်လည်း ပညာရည်ချွန် (ရွှေတံဆိပ်)ဆုကို တစ်ကျပ်သားထပ် မလျော့စေဘဲ ချီးမြင့်ပေးခဲ့ပြီး ယနေ့အထိ အလှူရှင် (၂၂)ဦး ရှိသွားပြီဖြစ်ကြောင်း၊ မန္တလေးတက္ကသိုလ် ပညာရည်ချွန်(ရွှေတံဆိပ်)ဆုကို နှစ်စဉ်ပေးအပ်ချီးမြှင့်နိုင်ရန်အတွက် အလှူရှင်များက တစ်ဦးလျှင် ကျပ်သိန်း(၁၀ဝ)ထည့်ဝင်၍ နှစ်စဉ်ရရှိသည့် အတိုးဖြင့် မန္တလေးတက္ကသိုလ်တွင် ပညာသင်ကြားလျက်ရှိကြသော ကျောင်းသားကျောင်းသူများအနက် ဘာသာရပ်အလိုက် အထူးချွန်ဆုံး ကျောင်းသား ကျောင်းသူများအား ပညာရည်ချွန် (ရွှေတံဆိပ်)ဆု ပေးအပ်ချီးမြှင့်လျက်ရှိကြောင်း သိရသည်။


တင်မောင် (မန်းကိုယ်ပွား)

 

1