မန္တလေး ၁၂ နိုဝင်ဘာ
မန္တလေးတက္ကသိုလ်တွင် ကျပ်သိန်းပေါင်း ငါးသောင်းကျော်အကုန်အကျခံကာ ငါးထပ် စာသင်ဆောင်သစ် ဆောက်လုပ်ရန်စီစဉ်နေကြောင်း တက္ကသိုလ်၏ ပါမာက္ခချုပ် ဒေါက်တာသီတာဝင်းက ပြောသည်။
တက္ကသိုလ်အတွင်းရှိသည့် အဆောက်အအုံများသည် နှစ်ပေါင်း ၆၀ ခန့်က ရှိနေပြီဖြစ်၍ ခိုင်ခံ့မှုအားနည်းခြင်း၊ တက္ကသိုလ်၏ ရုပ်ရည်သွင်ပြင်နှင့် မကိုက်ညီခြင်းတို့ကြောင့် အသစ်တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
"စာသင်ဆောင်ဆောက်လုပ်ရန်အတွက် ကျပ်သိန်းငါးသောင်းကျော် အသုံးပြုရန်လျာထားတယ်။ အဆောက်အအုံဒီဇိုင်းကို ပုံစံထုတ်ပြီးမှသာ ခန့်မှန်း ကုန်ကျစရိတ် တွက်ချက်နိုင်မှာဖြစ်ပါတယ်။ အဲ့တာပြီးရင်လည်း ပညာရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်း အစိုးရအဖွဲ့တို့က တင်ဒါခေါ်ယူပြီး လုပ်ဆောင်သွားပါမယ် " ဟု ၎င်းကပြောသည်။
အဆိုပါ စာသင်ဆောင်ဆောက်လုပ်ရန်အတွက် မြန်မာနိုင်ငံဗိသုကာပညာရှင်အသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မန္တလေးနည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။
စာသင်ဆောင်ကို မန္တလေး တက္ကသိုလ်နှင့် ပေ ၁၇၀ အကွာတွင် တည်ဆောက်ရန်ရည်ရွယ်ထားပြီး စာသင်ခန်းများ အပါအဝင် အနားယူအပန်းဖြေနိုင်မည့် နေရာများလည်း ပါဝင်မည်ဖြစ်သည်။
မန္တလေးတက္ကသိုလ်သည် ၁၉၂၁ ခုနှစ်တွင် စိုက်ပျိုးရေး သိပ္ပံအဖြစ် စတင်ထူထောင်ခဲ့ပြီး ၁၉၂၅ ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်အဖြစ်ပြောင်းလဲခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ် (ဝိဇ္ဖာသိပ္ပံ၊ ဆေးပညာ၊ စိုက်ပျိုးရေး) နှင့် မကွေးကောလိပ်ပါဝင်သော မဟာဌာနကြီး လေးခုဖြင့် မန္တလေးတက္ကသိုလ် အနေနဲ့ စတင်ထူ ထောင်ခဲ့ရာ ၂၀၁၈ ခုနှစ် တွင် နှစ် ၁၀ဝ နီးပါး သက်တမ်းရှိပြီဖြစ်ကြောင်းသိရသည်။
မန္တလေးတက္ကသိုလ်၌ ဘာသာရပ်ပေါင်း ၂၅ ခု၊ ဘွဲ့ကြိုသင်တန်းမှ ပါရဂူအထိ သင်တန်း အမျိုးအစား၂၀၆ ခု၊ ဒီပလိုမာ သင်တန်းပေါင်း ၁၂ ခု နှင့် ဘာသာရပ်အမျိုးမျိုးမှာ သုတေသနလုပ် ဆောင်နေသော ကျောင်းသားများ အပါအဝင် ထောင်ချီသော ကျောင်းသားများ ပညာဆည်းပူးရာ တက္ကသိုလ်တစ်ခုဖြစ်သည်။
သူရိန်လင်း