mdn

မန္တလေး ၂၃ စက်တင်ဘာ

 

မန္တလေးတွင် ဆေးဝါးများ အခမဲ့ရယူလှူဒါန်းနိုင်မည့် Medicine box (ဆေးသေတ္တာ) ကို မန္တလေး အရိုးဆေးရုံကြီး တွင် ထားရှိမည်ဖြစ်ကြောင်း ပန်းပျိုးသူ ပရဟိတအဖွဲ့ထံက သိရသည် ။

 

အဆိုပါ Medicine box ကို အလွယ်တကူ နှိုက်ယူခွင့်မပြုဘဲ ဆေးရုံတာဝန်ရှိသူများမှ တစ်ပတ်တစ်ကြိမ် ဖွင့်ဖောက်ကာ ဆေးဝါးလိုအပ်သူများထံ စနစ်တကျ အခမဲ့  ပြန်လည်လှူဒါန်းပေးမည့် အစီအစဉ်ဖြစ်ကြောင်း သိရသည် ။

 

"Medicine box က Food Bank  နဲ့ ပုံစံတော့ မတူဘူး။ လှူတဲ့သူက လာလှူသွား၊ ယူချင်တဲ့သူကယူ အဲလိုတော့ မဟုတ်ဘူးပေါ့။ Box ကနေ ထွက်လာမယ့် ဆေးတွေက နွမ်းပါးလူနာတွေကို အဓိက ပေးလှူသွားမယ် ။ လူနာတွေအနေနဲ့က အပြင်က ဆေးသိပ်ဝယ်စရာ မလိုတော့ဘူးပေါ့။ ” ဟု ဒေါက်တာဇင်ဇင်ထွန်းက ပြောသည်။

 

အဆိုပါ Medicine Box ကို မန္တလေး အရိုးဆေးရုံတွင် ထားရှိရန် ဆေးရုံအုပ်ကြီးကလည်း ခွင့်ပြုပေးခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်း အရိုးဆေးရုံ၏ ဆေးရုံဆင်း လက်မှတ်ထုတ်ပေးသောနေရာတွင် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည် ။

 

ပန်းပျိုးသူ အသင်းသို့ လာရောက်လှူဒါန်းသမျှ ဆေးဝါးများကို လက်ခံထားရှိကာ ဆေးအမျိုးအမည် ခွဲခြား၍ လိုအပ်သော ဆေးရုံ၊ ပရဟိတ ဆေးခန်းများသို့  ပြန်လည်လှူဒါန်းပေးမည်ဖြစ်ပြီး Medicine Box များကို အရိုးဆေးရုံတွင်သာမက အခြားဆေးရုံများတွင်ပါ ထားရှိနိုင်ရန် စီစဉ်နေသည် ။

 

ဆေးဝါးများ လှူဒါန်းလိုပါက ကိုကောင်းကောင်း ဖုန်း ဝ၉ - ၄၀၂၅၂၂၇၃၆၊ဒေါက်တာဇင်ဇင်ထွန်း ဖုန်း ဝ၉ - ၉၆၃၄၁၂၃၀၃ ၊ Everyone Car Showroom လမ်း ၆၀၊ ၃၆လမ်း-၃၇လမ်းကြား ကားပွဲစားတန်းဝင်ပေါက် မျက်နှာချင်းဆိုင်သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း  သိရသည်။

 

သူရိန်လင်း