နေပြည်တော် ၂၉ ဇန်နဝါရီ
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ)နှင့် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ပူးပေါင်းပါဝင်မှု၊သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ် (မန္တလေး) ၏ ဦးဆောင်မှုဖြင့် Lancang-Mekong Cultural Exchange Youth Camp 2019 Forum ကို ဇန်နဝါရီ ၂၈ ရက် နံနက် ပိုင်းတွင် ရွှေပြည်သာဟိုတယ်၌ ကျင်းပခဲ့သည်။
အဆိုပါ Forum သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန(မန္တလေးရုံးခွဲ)မှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန် ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ ၊ လာအိုနိုင်ငံ ၊ ကမ္ဘောဒီးယားနိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းတို့နှင့်သက်ဆိုင်သူများ စုစုပေါင်း ၂၀ဝ ကျော်ခန့် တက်ရောက်ခဲ့ကြပြီး Lancang-Mekong ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့်လာအိုနိုင်ငံများမှ ရိုးရာယဉ်ကျေးမှု များ ၊ ခရီးသွားလာရေးကဏ္ဍနှင့် ပတ်သက်၍ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးစာတမ်းများ ကိုနိုင်ငံအလိုက် ဖတ်ကြားခဲ့ကြသည်။
အခမ်းအနားတွင် ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းကိုအခြေခံပြီး Sustainable Development Goals ဖြစ်စေရေးဆိုင်ရာများ ၊ Lancang-Mekong နိုင်ငံများအကြား ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ Lancang-Mekong နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်၍ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရလဒ်နှင့် ရှေ့ဆက်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ နှစ်နိုင်ငံအပြန်အလှန် ယဉ်ကျေးမှုနှင့် ခရီးသွားဆိုင်ရာ သတင်းအချက်များ မျှဝေဖလှယ်ခြင်း၊ နည်းပညာအကူအညီ အထောက် အပံ့ပေးရန် ၊ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များ ၊ Forum ပြီးဆုံး၍ ရလဒ်များ ပေါ်ထွက် လာပါက ခရီးသွားနှင့် နိုင်ငံဖြတ်ကျော်သွားလာမည့်လုပ်ငန်းစဉ်များ ချိတ်ဆက်မှုကွန်ယက် စနစ် အဖွဲ့ဝင် နိုင်ငံများ အကြားပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)