မန္တလေး ၁၆ အောက်တိုဘာ
မန္တလေး ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပမည့် အချောထည် ကျောက်စိမ်း ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၂၅၀ဝ ကျော်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြပွဲကျင်းပရေး ကော်မတီထံမှ သိရသည် ။
အဆိုပါ ပြပွဲကို အောက်တိုဘာ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့ထိ ၇ ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး အရည်အသွေးကောင်းမွန်သည့် ကျောက်စိမ်းအရိုင်းတုံး နှင့် အချောထည်များကို မြန်မာငွေ ကျပ်ဖြင့် သာ ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည် ။
" ဒီပွဲမှာ ကျောက်အရိုင်းတုံးတွေကော အချောထည်တွေကော ရောင်းချသွားမယ် ။ အဓိကကတော့ အရည်အသွေးကောင်းမွန်တဲ့ ကျောက်စိမ်းအရိုင်းတုံးတွေကို ပြသရောင်းချတဲ့ပွဲပါ ။အခွန်ကိုတော့ သတ်မှတ်ထားတဲ့အတိုင်း လုပ်ဆောင်သွားမယ် ။ အခွန်ရှောင်လို့မရပါဘူး " ဟု ပြပွဲကျင်းပရေး ကော်မတီ မှ ဦးကျော်ဇောအောင်က ပြောသည် ။
ပြပွဲတွင် ရောင်းချမည့် အရိုင်းဖြတ်သား အချောထည်များနှင့်ပတ်သက်၍ အခွန်စည်းကြပ်မှုအနေဖြင့် အရောင်း ၁၃ ရာခိုင်နှုန်း နှင့် အဝယ် ၅ ရာခိုင်နှုန်း သတ်မှတ်ထားသည် ။
အဆိုပါပြပွဲကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး) က ဦးဆောင် ကျင်းပခြင်းဖြစ်ကာ ကျောက်စိမ်းအတွဲများကို အိပ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည် ။
ကျောက်စိမ်းတွဲများဝယ်ယူမည်ဆိုပါက အနည်းဆုံး အာမခံစပေါ်ငွေ ကျပ်သိန်း(၂၀)တင်ရပါမည် ဖြစ်ပြီး ကျပ်သိန်း (၂၀ဝ) ထိဝယ်ယူခွင့် ရှိမည်ဖြစ်သည် ။
သူရိန်လင်း


