မန္တလေး ၂၉ နိုဝင်ဘာ
မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမန်အင်းအနီးရှိ တောင်လေးလုံးကျောင်းတိုက်တွင် မြန်မာနိုင်ငံ စာပေလောက၏ မိခင်ကြီးဟုခေါ်ဆိုကြသည့် သတင်းစာဆရာမကြီး၊ စာရေးဆရာမကြီး လူထု ဒေါ်အမာ၏ (၁၀၄) နှစ် ပြည့် မွေးနေ့ အထိမ်းအမှတ်ပွဲကို နိုဝင်ဘာ ၂၉ ရက်နေ့ က ကျင်းပခဲ့သည်။
လူထုဒေါ်အမာ၏ (၁၀၄) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲသို့ ဆရာတော် သံဃာတော်များ ၊ အနယ်နယ် အရပ်ရပ်မှ စာပေ အနုပညာရှင်များ နှင့် လူထုဒေါ်အမာကို ချစ်သောသူများ တက်ရောက်ခဲ့သည်။
"မွေးနေ့ကို နှစ်တိုင်းလုပ်မှာပါ ။ ပရိတ်သတ်က မျှော်မှန်းထားတာထက်များတယ်။ ချစ်ချစ်ခင်ခင် လာနှုတ်ဆက်ကြတယ်။ ဒါတခြားမဟုတ်ပါဘူး အမေ့ကို ချစ်ကြတဲ့ သူတွေပါပဲ " ဟု လူထုဒေါ်အမာ ၏ သားဖြစ်သူ ဆရာ ညီပုလေးက ပြောသည်။
သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာကို ၁၉၁၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မန္တလေးမြို့ ဂုန္တန်ရပ်၌ အဖဦးထင်၊ အမိဒေါ်စုတို့မှ မွေးဖွားခဲ့ပြီး မွေးချင်း (၁၂) ယောက်အနက် စတုတ္ထမြောက် သမီးဖြစ်ပြီး အမျိုးသမီးနေရှင်နယ်ကျောင်း၊ အေဘီအမ်ကျောင်းနှင့် ဗဟိုအမျိုးသား အထက်တန်း ကျောင်းများတွင် ပညာသင်ကြားခဲ့သည်။
၁၉၃၃ ခုနှ်း မှ ၁၉၃၅ ခုနှစ် အထိ မန္တလေးဥပစာကောလိပ်၊ ၁၉၃၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ဘီအေ တန်း တက်ရင်း ဒုတိယကျောင်းသားသပိတ်မှာ ပါဝင်ခဲ့သည်။ စာပေရေးသားခြင်းအနေဖြင့် အိုးဝေ၊ ကြီးပွားရေး၊ ဘားမားဂျာနယ် တို့တွင် ခင်လဝင်း၊ မြမဉ္ဇူ စသည့် ကလောင်များဖြင့် စာရေးခဲ့သည်။
၁၉၃၉ ခုနှစ်၌ ကြီးပွားရေး ဦးလှနှင့် ထိမ်းမြားလက်ထပ်ခဲ့ပြီး ၁၉၄၅ ခုနှစ်တွင် လူထုဂျာနယ် လက်ထောက် အယ်ဒီတာ ၊ ၁၉၄၆ ခုနှစ်တွင် လူထုသတင်းစာ အယ်ဒီတာများအဖြစ် ဆောင်ရွက်ခဲ့ကာ သတင်းစာခေါင်းကြီးများ၊ သတင်းဆောင်းပါးများ၊ နိုင်ငံရေးဝေဖန်ချက်များ၊ ယဉ်ကျေးမှု ရေးရာ စာတမ်းများ၊ ဆောင်းပါးများ၊ ဘာသာပြန်များ စသည့် စာအုပ်စာတမ်း များစွာ ရေးသားပြုစုခဲ့သည်။
သတင်းစာဆရာ၊ စာရေးဆရာအဖြစ် ပြည်သူလူထုဘက်မှ အစဉ်တစိုက် ရပ်တည်ရေးသားခဲ့သည့် အပြင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက်လည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့်အတူ လက်တွဲ ပါဝင် ဆောင်ရွက်ခဲ့သည်။
လူထုဒေါ်အမာက သေသည်အထိ ပြည်သူလူထုအတွက် လုပ်ဆောင်သွားခဲ့သည့် စာရေးဆရာမ၊ သတင်းစာ ဆရာမကြီး တစ်ဦးလည်း ဖြစ်ပြီး ၂၀ဝ၈ ခုနှစ် ဧပြီ ၇ ရက်နေ့ အသက် (၉၃) နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
သူရိန်လင်း