မန္တလေး ၂၃ အောက်တိုဘာ

 

မန္တလေး ကွန်ဗင်းရှင်းစင်တာတွင် ကျောက်စိမ်း အချောထည်နှင့် အရိုင်းတုံး ရောင်းချပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည် ။

 

အဆိုပါ ပြပွဲကို အောက်တိုဘာ ၂၀ ရက်နေ့မှ  ၂၆ ရက်နေ့ထိ ခုနှစ်ရက် ကြာကျင်းပသွားမည်ဖြစ်ပြီး အရည်အသွေးကောင်းမွန်သည့် ကျောက်စိမ်းအရိုင်းတုံး နှင့် အချောထည်များကို ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။

 

" ဒီပွဲမှာကနေမှ ပြည်ထောင်စုအဆင့် ကျပ်ငွေပွဲများ ၊ ယူရိုငွေဖြင့် ရောင်းချပွဲများထိ မန္တလေးမှာ ကျင်းပဖို့အတွက် ရည်ရွယ်ထားပါတယ် ။ တစ်နိုင်ငံလုံးမှာ ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်သူ စစ်တမ်းအရ သုံးသန်းရှိပါတယ် ။ ဒီလိုပွဲမျိုးတွေဖြစ်အောင် မန္တလေးမှာ ထပ်မံလုပ်ဆောင်သွား မှာပါ " ဟု ပြပွဲကျင်းပရေးကော်မတီ မှ ဦးကျော်ဇောအောင်က ပြောသည် ။

 

ပြပွဲတွင် ရောင်းချမည့် အရိုင်းဖြတ်သား အချောထည်များနှင့်ပတ်သက်၍ အခွန်စည်းကြပ်မှု အနေဖြင့် အရောင်း ၁၃ ရာခိုင်နှုန်း နှင့် အဝယ် ၅ ရာခိုင်နှုန်း သတ်မှတ်ထားသည် ။

 

" ကျွန်တော်တို့ နိုင်ငံမှာ သဘာဝသယံဇာတပေါတယ် ။ အဲ့လို ပေါတဲ့နိုင်ငံမှာ ထုတ်ယူသုံးတဲ့ အခါမှာ တာဝန်သိဖို့လိုတယ် ။ တာဝန်သိတဲ့နေရာမှာလည်း အစိုးရကိုယ်တိုင်ကလည်း သိရမယ် ။ ရတနာပစ္စည်းဆိုတာက တွင်းထဲကထွက်လာမှ အဖိုးတန်တာပါ။ အဲ့တော့ တွင်းထွက် ပစ္စည်းဆိုတာ တူးချင်တိုင်းတူးလို့မရပါဘူး။ တူးခွင့်ပေးလို့လည်းမရပါဘူး။အနာဂတ် မျိုးဆက်သစ် တွေအတွက် စီမံခန့်ခွဲမှု ချန်ပေးရပါတယ ။ အဲ့တာ အစိုးရရဲ့ တာဝန်ပဲ " ဟု မန္တလေးတိုင်းဒေကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည် ။

 

အဆိုပါပြပွဲကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး) က ဦးဆောင်ကျင်းပခြင်းဖြစ်ကာ ကျောက်စိမ်းအတွဲများကို အိပ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်သည် ။

 

ကျောက်စိမ်းတွဲများဝယ်ယူမည်ဆိုပါက အနည်းဆုံး အာမခံစပေါ်ငွေ ကျပ်သိန်း(၂၀)တင်ရပါမည် ဖြစ် ကာ ကျပ်သိန်း (၂၀ဝ) ထိဝယ်ယူခွင့် ရှိမည်ဖြစ်ပြီး ယင်းပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၂၅၀ဝ ကျော် ရောင်းချပေးသွားမည်ဖြစ်သည် ။

 

သူရိန်လင်း