မန္တလေးတွင် နိုင်ငံခြားသား ဝင်ရောက်မှု ပိုများလာ

မန္တလေး ၉ ဖေဖော်ဝါရီ

 

မန္တလေးမြို့တွင် နိုင်ငံခြားသား လာရောက်လည်ပတ်မှု ပြီးခဲ့သည့်နှစ်ထက် ပိုမိုဝင်ရောက်လာကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွာလာရေး ဝန်ကြီးဌာနမှ သိရသည်။

 

မန္တလေးမြို့တွင် ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံခြားသား ခရီးသွား ၃၈၀ဝ၀ဝ ကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၄၈၀ဝ၀ဝ ကျော် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ခရီးသွား အရေအတွက်ထက်စာရင် အရည်အသွေးဘယ်လောက်၊ outcome ဘယ်လောက်ရတယ်ဆိုတာ အရေးကြီးတယ်။ Quality tour တွေလာပြီး သူတို့သုံးစွဲ တဲ့အခါ နိုင်ငံရဲ့ဝင်ငွေ ပိုမိုရရှိနိုင်မှာ ဖြစ်ပါတယ်။ Quality tour တွေပိုမိုဝင်ရောက်လာဖို့ ဘက်ပေါင်းစုံက ဆောင်ရွက်နေပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။

 

ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် နိုင်ငံခြားသား ဝင်ရောက်မှု အများဆုံးဖြစ်ပြီး တရုတ်၊ ပြင်သစ်၊ ထိုင်း၊ ဂျာမနီ၊ အမေရိကန်၊ အီတလီ၊ ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ စသည့် နိုင်ငံသားများ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

 

မန္တလေးမြို့တွင် မန္တလေး၊ အမရပူရ၊ အင်းဝ စသည့်ရှေးဟောင်းမြို့တော် သုံးမြို့၊ မန္တလေး တောင်တော်၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တည်ရှိရာ နေရာများတွင် နိုင်ငံခြားသားများ ပိုမိုလာရောက်လည်ပတ်မှု များသည်ဟု သိရသည်။

 

အိမို့မို့ခိုင်