မန္တလေး၊ ၂၈ ဒီဇင်ဘာ
မန္တလေးခရိုင်အတွင်း ပိုးတွေ့လူနာဦးရေ တစ်ရက်လျှင် ၂၀၀ နှင့်အထက် တွေ့ရှိနေရာမှ တစ်ပတ်အတွင်း ပိုးတွေ့လူနာ ၂၀၀ အောက် ပြန်လည်လျော့ကြနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
နိုဝင်ဘာလတွင် နေ့စဉ် ပိုးတွေ့လူနာ ၃၀၀ နီးပါးအထိ တက်လာပြီး ယခုတစ်ပတ်အတွင်း ပြန်လည်လျော့ကျနေခြင်း ဖြစ်သည်။ ဒီဇင်ဘာ ၂၂ ရက်မှစတင်ကာ မန္တလေးခရိုင်အတွင်း ပိုးတွေ့လူနာ ၂၀၀ အောက် ဆက်တိုက်လျော့ကြလာကာ ဒီဇင်ဘာ ၂၇ ရက် ထုတ်ပြန်ချက်တွင် မန္တလေးတိုင်းအတွင်း ပိုးတွေ့လူနာ ၁၅၈ ဦးရှိကြောင်း သိရသည်။
နိုဝင်ဘာလအကုန်တွင် ပိုးတွေ့လူနာ ၃၀၀ နီးပါးအထိ မြင့်တက်လာသောကြောင့် မန္တလေးခရိုင်အတွင်း Stay at Home ကြေညာခဲ့ပြီး ပိတ်ဆို့မှုတချို့ကို တိုင်းအစိုးရက ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အထိ လုပ်ဆောင်ခဲ့သေးသည်။
လက်ရှိတွင်လည်း မန္တလေးခရိုင်အတွင်း အမရပူရမြို့နယ်မှလွဲ၍ ကျန်မြို့နယ်များကို Stay at Home နေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၂၇ ရက်အထိ စာရင်းများအရ မန္တလေးခရိုင်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀,၃၉၉ ဦးရှိကာ ၎င်းတို့အနက် ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းသူ ၈,၂၁၆ ဦး၊ ဆေးရုံတက်နေဆဲ ၁,၉၈၆ ဦးနှင့် သေဆုံးသူ ၁၉၇ ဦး ရှိကြောင်း၊ တစ်တိုင်းလုံးအနေဖြင့် အတည်ပြုလူနာ ၁၂,၇၄၅ ဦးရှိကာ ၎င်းတို့အနက် ဆေးရုံဆင်းခွင့်ရသူ ၁၀,၁၃၈ ဦး၊ သေဆုံးသူ ၂၂၉ ဦးနှင့် ဆေးရုံတက်ရောက်နေဆဲ ၂,၃၇၈ ဦးရှိကြောင်း သိရသည်။
ဖြိုးအိ


