မန္တလေး ၂၁ အောက်တိုဘာ
မန္တလေးတွင် ပထမဦးဆုံးအကြိမ် လမ်းကြမ်းဆိုင် ကယ်စီးပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဆောင်ကျင်းပသည့် Myanmar Free Rider အဖွဲ့ထံက သိရသည်။
အဆိုပါ ပြိုင်ပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် ကျင်းပမည်ဖြစ်ပြီး ၂၆ ရက်နေ့တွင် အတန်းခွဲ၊ လူရွေးပွဲပြုလုပ်ကာ ၂၇ ရက်နေ့တွင် သူ့အတန်းနှင့်သူ ယှဉ်ပြိုင်ပြီး ဆုပေးပွဲများကို တစ်ခါတည်း ကျင်းပသွားမည်ဖြစ်သည်။
" ကျွန်တော်တို့ဆီမှာ လမ်းကြမ်းစီးချင်တဲ့ လူငယ်တွေ ဝါသနာရှင်တွေအများကြီးရှိတယ် ။ စီးစရာနေရာ မရှိလို့သာ မစီးကြဘဲနေကြတာ ။အဲ့ဒီလူတွေကို ကျွန်တော်တို့က ကွင်းထဲကိုစနစ်တကျ စီးနင်းခွင့်ရအောင် လုပ်ပေးတဲ့သဘော ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံမှာ မရှိသေးတဲ့ အားကစားတွေ အများကြီးရှိနေတဲ့အထဲမှာ ဒီတစ်ခုလည်းပါနေတယ်” ဟု အဆိုပါအဖွဲ့၏ တည်ထောင်သူတစ်ဦးအပါအဝင်ဖြစ်သူ ကိုချမ်းလေးက ပြောသည်။
ယခုပြိုင်ပွဲကို နိုင်ငံတကာတွင် ကျင်းပလေ့ရှိသည့် Motocross ပြိုင်ပွဲများ၏ သတ်မှတ်စည်းကမ်းများကို အပြည့်အဝအသုံးပြုနိုင်ခြင်း မရှိသေးဘဲ ကွင်းပတ်အရေအတွက်များဖြင့် ယှဉ်ပြိုင်စေမည်ဖြစ်ကာ ယင်းသို့ယှဉ်ပြိုင်ရာတွင်လည်း ယှဉ်ပြိုင်ကွင်းအတွင်း အနည်းဆုံးနှစ်ရက်ခန့် ကြိုတင်လေ့ကျင့် ထားသူများကိုသာ ယှဉ်ပြိုင်စေမည်ဖြစ်သည်။
ပြိုင်ပွဲတွင် လမ်းကြမ်းစီးဆိုင်ကယ် အမျိုးအစားများအနက်မှ ၁၁၀ စီစီမှ ၁၂၅ စီစီအထိကို Beginner တန်း၊ ၁၂၅ မှ ၂၃၀ အထိကို Master တန်း၊ ၂၃၁ စီစီနှင့်အထက် ဆိုင်ကယ်များကို Pro တန်းများအဖြစ် သတ်မှတ်ယှဉ်ပြိုင်စေမည်ဖြစ်သည်။
သူရိန်လင်း


