မန္တလေး ၁၅ ဒီဇင်ဘာ

မန္တလေးတွင် သီးနှံများအား ဘေးကင်းလုံခြုံမှုရှိ/မရှိ စစ်ဆေးရန် ဓာတ်ခွဲခန်းများအား လာမည့်ဇန်နဝါရီလတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Food Safety Project ဒါရိုက်တာ ဦးကျင်မောင်ထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဆိုပါ အစားအသောက် ဘေးကင်းလုံခြုံရေး ပရောဂျက်အတွက် ငွေကျပ် သန်း(၁၂၀၀)ကျော် သုံးစွဲမည်ဖြစ်ပြီး ပရောဂျက်တွင်ပါဝင်သည့် သီးနှံများအား ဘေးကင်းလုံခြုံမှုရှိ/မရှိ စစ်ဆေးမည့် ဓာတ်ခွဲခန်းများအား မန္တလေးမြို့နှင့် ညောင်ဦးမြို့တွင် ထားရှိမည်ဖြစ်သည်။

“ဓာတ်ခွဲခန်းတွေဖွင့်ပြီးရင် နယ်ဒေသအစုံကနေ မန္တလေးစျေးကွက်ထဲ ရောက်လာတဲ့သီးနှံတွေရဲ့ ပိုးသတ်ဆေးဓာတ်ကြွင်းတွေ၊ အယ်လ်ဖာတောက်ဇင်မှိုအဆိပ် ပါဝင်မှု စတာတွေကို စစ်ဆေးသွားမယ်။ အဲ့လိုအဆိပ်အတောက်ဖြစ်စေမယ့် မှိုတွေ၊ ပိုးသတ်ဆေးအကြွင်းအကျန်တွေ ပါဝင်ပြီး ဓာတ်ကြွင်းမပြယ်သေးတဲ့ အန္တရာယ်ရှိတဲ့ ကုန်စည်တွေကို စားသုံးရန်မသင့်ကြောင်း ကြေညာသွားမယ်''ဟု ၎င်းကပြောသည်။

မန္တလေးမြို့ဓာတ်ခွဲခန်းအတွက် ကျပ်(၅၁၄)သန်းကျော်ဖြင့် တင်ဒါအောင်ထားပြီး ညောင်ဦးမြို့ဓာတ်ခွဲခန်းအတွက် ကျပ်(၃၃၂)သန်းကျော်ြဖင့် တင်ဒါအောင်ထားကာ လက်ရှိတွင် ဓာတ်ခွဲခန်းများ၌ ထားရှိမည့် ဝန်ထမ်းများအား သင်တန်းပေးထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစားအသောက် ဘေးကင်းလုံခြုံရေး Food Safety Project တွင် ဟင်းသီးဟင်းရွက်များအား စစ်ဆေးရန် ဓာတ်ခွဲခန်းတည်ဆောက်မှုအပြင် အခြားသုတေသနလုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။

သူရိန်လင်း