မန္တလေး ၃ ဒီဇင်ဘာ

 

မန္တလေးတွင် တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအတွက် တောကောင်လေးတို့ အတွက်    ရင်တွင်းစကားသံ ကမ်ပိန်းပြုလုပ်သွားမည်ဖြစ်ကြောင်း VOICES FOR WILDLIFE (VFW) အဖွဲ့ထံကသိရသည်။

 

မန္တလေးသည်  တောရိုင်းတိရစ္ဆာန် ထွက်ပစ္စည်းများတရားမဝင် ရောင်းဝယ် ဖောက်ကားမှုများပြား သည့် မြို့တစ်မြို့ဖြစ်သည်။ ဒါအပြင် ရွှေတြိဂံဒေသ၊ တရုတ်နိုင်ငံနှင့် ဆက်စပ်တည်ရှိနေသည့် အတွက် တရားမဝင် ကုန်ကူး၊ ကုန်သွယ်ရာ  ကြားခံဒေသတစ်ခုဖြစ်နေသော မြို့တစ်မြို့ ဖြစ်သည့်အတွက် တောကောင်လေးများ၏ ရင်တွင်းစကားသံကမ်ပိန်း ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည် ။

 

"ဒီကမ်ပိန်းမှာ သရုပ်ပြယာဉ်လှည့်လည် တာတွေပါဝင်ပါမယ်။ ဒီကနေဒေသခံပြည်သူတွေရဲ့ ပျော်ရွှင်စရာပွဲ တစ်ခုဖြစ်သလို ဒီကနေတစ်ဆင့် တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ပေးချင်ကြတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ ရဲ့ အသံကိုစုစည်းလာနိုင်မှာ ဖြစ်ပါတယ်"   VFW အဖွဲ့ဝင် မမေမိုးဝါက ပြောသည်။

 

VOICES FOR WILDLIFE ကို မန္တလေးမြို့မှာ  ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း ပြုလုပ်မည် ဖြစ်ပြီးကမ်ပိန်းတွင် မန္တလေးအငွေ့အသက်ပါဝင်သည့် ရောင်စုံယာဉ်များနှင့် တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး သရုပ်ပြယာဉ် လှည့်မှုများ၊ အသိပညာပေး ဟောပြောမှုများ ပါဝင်မည်ဖြစ်သည်။   

 

VOICES  FOR WILDLIFE  ကမ်ပိန်းကို ဇီဝမျိုးကွဲနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း (BANCA)၊ နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်များနှင့်     အပင်များထိန်းသိမ်းရေးအဖွဲ့(FFI) မြန်မာ၊ တောရိုင်းတိရစ္ဆာန်များ၏ မိတ်ဆွေများအဖွဲ့ (Friends  of Wildlife)၊ grow back for posterity (GBP) ၊သားငှက် ထိန်းသိမ်းအဖွဲ့ (WCS) နှင့်ကမ္ဘာလုံး ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (WWF)( မြန်မာ) တို့ကငွေကြေးဆိုင်ရာ ဦးဆောင်ပံ့ပိုးပြီးသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ မြန်မာ့သစ် လုပ်ငန်း၊ မိတ်ဖက်အဖွဲ့အစည်းများ အနုပညာရှင်များ လူမှုကွန်ရက် influencer များ စေတနာ့ ဝန်ထမ်းများနှင့် ပေါင်းစည်း အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

 

သူရိန်လင်း