မန္တလေး ၁၃ နိုဝင်ဘာ
မန္တလေးတွင် ယှဉ်ပြိုင်ကစားမည့် မြန်မာ-တာဂျစ်ကစ္စတန် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အိမ်ရှင်အားသာချက်ဖြင့် အနိုင်ယူမည်သွားမည်ဖြစ်ကြောင်း မြန်မာအသင်းနည်းပြဖြစ်သူ အန်တိုနီဟေ ကပြောသည်။
၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် မြန်မာ့နှင့် တာဂျစ်ကစ္စတန် အသင်းတို့သည် နိုဝင်ဘာ (၁၄) ရက်၊ ညနေ (၅)နာရီတွင် မန္တလေးမြို့ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
"အရင်ပွဲတွေ ရလဒ်ဆိုးခဲ့တော့ အခြေအနေက အရမ်းဆိုးနေပါပြီ။ ပရိတ်သတ်တွေ အားပေမှု အရမ်းလိုပါတယ်။ မြန်မာအသင်းက ရမှတ်မရှိသေးဘူး ဂိုးလည်းမရှိသေးဘူး ပေးဂိုးကလည်း ၁၀ ဂိုးရှိနေတယ်။ တာဂျစ်ကစ္စတန်အသင်းက ခက်ခဲတဲ့ ပြိုင်ဘက်ပါ။ မြန်မာအသင်းအနေနဲ့ အိမ်ရှင် အားသာချက်ရှိတယ်။ ပရိတ်သတ်တွေအားနဲ့ အကောင်းဆုံးကစားသွားမှာပါ။ ကစားသမားတွေကို အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ မနက်ဖြန်ပွဲမှာ နိုင်ရမယ် လို့ယုံကြည်ပါတယ်။ " ဟု မြန်မာ အသင်းနည်းပြ အန်တွမ်နီဟေကပြောသည် ။
မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် နိုဝင်ဘာ (၁၄) ရက်တွင် တာဂျစ်ကစ္စတန်အသင်း၊ နိုဝင်ဘာ (၁၉) ရက်တွင် မွန်ဂိုလီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အဆိုပါပွဲစဉ်နှစ်ပွဲလုံးကို မန္တလေးမြို့ရှိ မန္တလာသီရိဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
"မနက်ဖြန် စိတ်ဝင်စားစရာပွဲဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်မယ်လို့လဲ မျှော်လင့်ထားပါတယ်။ မနက်ဖြန် ပိုကောင်းတဲ့အသင်းက ရလဒ်ကောင်းထွက်လာမှာပါ။ ဒီပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားပါတယ် " တာဂျစ်ကစ္စတန် နည်းပြ အိုစမာကပြောသည် ။
၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားနေသည့် မြန်မာအသင်းသည် ဂျပန်၊ မွန်ဂိုလီးယား၊ တာဂျစ်ကစ္စတန်၊ ကာဂျစ်စတန် အသင်းတို့နှင့် တစ်အုပ်စုထဲ ကျရောက်နေပြီး သုံးပွဲကစားပြီးချိန်အထိ ရမှတ်မရရှိ၊ သွင်းဂိုးမရှိသေးဘဲ သုံးပွဲလုံးရှုံးနိမ့်ကာ အုပ်စုအောက်ဆုံးအဆင့်တွင် ရောက်ရှိနေသည်။
" နိုင်ငံအတွက် ပေးဆပ်ချင်တဲ့ ကစားသမားတွေချည်းပဲ။ မြန်မာနိုင်ငံက ဘော့လုံးအဆင့်အတန်း နိမ့်တယ် လိုအပ်ချက်တွေရှိနေတယ် ။ ဆေးဝါးကအစ ကွာဟမှုတွေရှိနေတယ်။ ကျွန်တော်တို့လည်း မြန်မာဘော့လုံးအသင်းကို အောင်မြင်စေချင်ပါတယ်။ ကျွန်တော်တို့ဆီမှာ သာတာဆိုလို့ စိတ်ဓါတ်ပဲ ရှိပါတယ် ။ ဒီပွဲမှာ စိတ်ဓာတ်နဲ့ ကစားသွားမှာပါ ။ မြန်မာဘော့လုံးအသင်း အောင်မြင်ဖို့ ပရိတ်သတ်တွေ အချိန်ပေးပြီး စောင့်ကြည့်ပေးပါ ။" မြန်မာအသင်းခေါင်းဆောင် ဇော်မင်းထွန်း က ပြောသည် ။
မြန်မာအသင်းသည် ကာဂျစ်စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် အဝေးကွင်းပွဲစဉ်တွင် ၇ ဂိုးပြတ်၊ ဂျပန် အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် အိမ်ကွင်းပွဲစဉ်တွင် နှစ်ဂိုးပြတ်၊ မွန်ဂိုလီးယားနှင့် အဝေးကွင်း ပွဲစဉ်တွင် တစ်ဂိုးဂိုး မရှိဖြင့် သုံးပွဲလုံး သွင်းဂိုးမရှိဘဲ ရှုံးနိမ့်ထားသည်။
သူရိန်လင်း