မန္တလေး ၃၀ အောက်တိုဘာ

မန္တလေးမြို့တွင်ကျင်းပခဲ့သော ကျောက်စိမ်းအချောထည်နှင့် အရိုင်းတုံးများအား မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ကျပ်သိန်းပေါင်း ၃ သိန်း ၅ ထောင်ကျော် ရောင်းချနိုင်ခဲ့ကြောင်း ပြပွဲကျင်းပရေးကော်မတီထံက သိရသည် ။

အဆိုပါပွဲကို အောက်တိုဘာ ၂၃ရက်မှ ၂၉ ရက် အထိ ၇ ရက်ကြာ ကျင်းပခဲ့ပြီး ကျောက်စိမ်းတွဲ ၂၉၈၅ ထဲမှ ကျောက်စိမ်းတွဲ ၁၈၆၈ တွဲ ကျော် ရောင်းချနိုင်ခဲ့ကြောင်း သိရသည် ။

" ဒီပွဲပြပွဲ နဲ့ပတ်သတ်ပြီး မျှော်လင့်ထားတာထက်ကို ပိုအောက်မြင်ပါတယ်။ ဒီလိုအောင်မြင်တဲ့ အတွက်ကြောင့်လည်း နိုင်ငံတော်အတွက်လည်း ဘဏ္ဍာငွေပိုရရှိပါတယ်။ နောက်ပွဲတွေလုပ်ရင်လည်း ဒီထက် ပိုကောင်းအောင် လုပ်သွားပါမယ်။ နောက်ပြီး မန္တလေးမှာ ပြည်ထောင်စုအဆင့် ယူရိုငွေကြေးနဲ့ ရောင်းချတဲ့ပွဲတွေကိုလည်း လုပ်သွားဖို့ရှိပါတယ်" ဟု ပြပွဲကျင်းပရေးကော်မတီဥက္ကဌ  ဦးကျော်ဇောအောင်က ပြောသည် ။

ပြပွဲတွင် ကျောက်စိမ်းအရိုင်းနှင့် အချောထည် အတွဲ၂၉၈၅ ခန့် ပြသရောင်းချခဲ့ကာ ကျောက်မျက်ရတနာ အချောထည်ဆိုင်ခန်း၊ ပန်းပုဆိုင်ခန်းနှင့် လက်ဝတ်ရတနာဆိုင်ခန်း (၄၉)ခန်း ခင်းကျင်းပြသရောင်းချခဲ့သည် ။

မန္တလေး ကျောက်စိမ်းရောင်းချပွဲတွင် အခွန်ငွေပေးဆောင်မှုနှင့်ပတ်သက်၍ ကျောက်စိမ်းကျောက်မျက် ရောင်းချသူသည် ရတနာအခွန် (၁၁)ရာခိုင်နှုန်း၊ ဝန်ဆောင်ခ(၂)ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး ဝယ်ယူသူသည် ကုန်သွယ်လုပ်ငန်းခွန် (၅)ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။

ထို့ပြင် ကျောက်မျက်ပြပွဲမှ ရရှိသည့် အခွန် ဝ.၅ ရာခိုင်နှုန်းကို မန္တလေးတိုင်းဒေသကြီး အစိုးရရန်ပုံငွေအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်း  ပြပွဲကျင်းပရေးကော်မတီက သိရသည် ။

သူရိန်လင်း

 

unnamed (3)

 

unnamed (2)