ကျောက်မဲ ၁၈ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၈ နာရီခွဲအချိန်က ပြည်သူ့ဝန်ဆောင်မှုရုံး နမ့်ကုမ်အစည်းအဝေးခန်းမတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ လူမှုရေးရာဝန်ကြီး ဒေါက်တာမျိုးထွန်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းတို့သည် ပြည်နယ်အဆင့်ဌာနအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပလောင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကျော်မှ ကြိုဆိုနူတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများကိုယ်စား ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံမှ အမှာစကားပြောကြားပေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော ဒေသခံပြည်သူများထဲမှ အမှတ် ၂ ရပ်ကွက်နေ ဦးနိုင်ဝင်းထွန်းနှင့် မြို့မရပ်ကွက်နေ ဦးနန်အောင်တို့က ဒေသ၏လိုအပ်ချက်များကို တင်ပြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများမှ ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။ ယင်းနောက် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း ခရိုင် ပြန်/ဆက်မှ သိရသည်။
MDN
