ဝိုင်းမော် ၃၀ ဇူလိုင်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ မန်ဝိန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ လျှပ်စစ်မီးအပြည့်အဝသုံးစွဲနိုင်ရေးအတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် (၁၉၉၆ ဒသမ ၉၄၈) သန်း အကုန်ကျခံဆောက်လုပ်ပေးခဲ့သော ၃၃/၁၁ ကေဗွီ(၅)အမ်ဗွီအေ မန်ဝိန်းဓာတ်အား ခွဲရုံသစ်ဖွင့်ပွဲကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မန်ဝိန်း ကျေးရွာရှိ အဆိုပါ ဓာတ်အားခွဲရုံသစ်အဆောက်အအုံနေရာ၌ ဖွင့်လှစ်ပေးခဲ့ကြသည်။
၃၃/၁၁ ကေဗွီ(၅)အမ်ဗွီအေ ဓာတ်အားခွဲရုံသစ်ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဓာတ်အားခွဲရုံသစ်ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်မှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်တကွ ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ အစိုးရအနေဖြင့်နိုင်ငံတော် နှင့်ပြည်သူတို့၏ဖွံ့ဖြိုးတိုးတက်မှုကိုမျှော်မှန်းပြီး ပြည်နယ်အတွင်းရှိ ခရိုင် (၄)ခရိုင်လုံးကို ဟန်ချက်ညီစွာ ဓာတ်အားလိုင်းများနှင့် ခွဲရုံများတိုးချဲ့တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အလေးထား ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ယနေ့အချိန်ထိ မီးသုံးစွဲနိုင်သူ အိမ်ထောင်စုဦးရေ(၁၇၆၂၅၉)ဦးရှိပြီဖြစ်သဖြင့် (၆၅.၄၄)ရာခိုင်နှုန်းတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်း မည်သည့် နေရာဒေသမဆို လျှပ်စစ်မီးရရှိရေး၊ ဓာတ်အားပြည့်ပြည့်ဝဝ သုံးစွဲနိုင်ရေးအတွက် မူဝါဒရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် ပေးလျှက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးက ပြည်ထောင်စု ဘဏ္ဍရန်ပုံငွေဖြင့် ၃၃ ကေဗွီဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို ဆောင်ရွက်ပေးရမည်ဖြစ်သော် လည်း ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်အမြန်ရရှိနိုင်ရန်အတွက် ဝိုင်းမော် - တာလောကြီး နှင့် ဝိုင်းမော် - မန်ဝိန်း ၃၃ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတို့ကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကုန်အကျခံကာ တည်ဆောက်ပေးခဲ့ကြောင်း ရှင်းလင်းပြောကြားရာ မန်ဝိန်းဒေသခံများကိုယ်စား အမှတ် (၂) မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ဒေသခံရပ်မိရပ်ဖများက ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအား ဂါဝရပြု အမှတ်တရ လက်ဆောင်ပေးအပ်ရာပြည်နယ်ဝန်ကြီးချုပ်က ရှမ်းတိုင်းရင်းသားနှင့် လီဆူတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအဖွဲ့တို့အား ဂုဏ်ပြုငွေများကို ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ဓာတ် အားခွဲရုံသစ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးမှုကို ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတွဲမြင့်၊ ဒုတိယ အင်ဂျင်နီယာချုပ်က လိုက်လံရှင်းလင်းပြသကာ ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာများသို့ လျှပ်စစ်ဓာတ် အားစတင်ပို့လွှတ်သည့်အနေဖြင့် ခွဲရုံအတွင်းရှိ မီးခလုတ်နှိပ်၍ ဓာတ်အားပို့လွှတ်ပေးခဲ့သည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားရရှိပြည့်ဝစွာရရှိရေး အတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများဖြင့် ဓာတ်အားလိုင်းများ တိုးချဲ့တည် ဆောက်ခြင်း၊ ခွဲရုံများတိုးချဲ့တည်ဆောက်ခြင်း၊ ရှိပြီးသား လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့ ဖွင့်လှစ်ပေးခဲ့သည့် ဓာတ်အားခွဲရုံသစ်အပါ အဝင် မန်ဝိန်းကျေးရွာနှင့်အနီးပတ်ဝန်းကျင်ရှိ ဆိုင်လော်၊ လောဆာ၊ ဆီနီခူး၊ ဆွတ်ယန်၊ မန်ဒေါင်၊ ခဝမ်ကျေးရွာများ လျှပ်စစ်မီးအပြည့်အဝသုံးစွဲနိုင်ရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဝိုင်းမော် -မန်ဝိန်း (၃၃)ကေဗွီဓာတ်အားလိုင်း(၂၅)မိုင်နှင့် (၃၃/၁၁)ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံအား ပြည်နယ်ရန်ပုံငွေ (၁၅၁၃.၇၂၀)ကျပ်သန်းဖြင့်လည်းကောင်း၊ ထို့အပြင် ကျေးရွာများအတွင်း လိုအပ်သည့် ၁၁ ကေဗွီဓာတ်အားလိုင်း (၁၆)မိုင်၊ ၄၀ဝ ဗို့ဓာတ်အားလိုင်း (၁၂)မိုင်နှင့် (၁၁/ဝ.၄)ကေဗွီထရန်စမော်မာ (၁၂)လုံးကို ပြည်နယ်ရန်ပုံငွေကျပ် (၄၈၃.၂၂၈)သန်းဖြင့် လည်းကောင်း အကုန်အကျခံ တိုးချဲ့တည် ဆောက်ပေးခဲ့ကြောင်းကိုလည်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်