မံစီ ၃ အောက်တိုဘာ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မံဝိန်းကြီးကျေးရွာအတွင်းရှိ တိုက်ပွဲရှောင်နေရပ် စွန့်ခွာပြည်သူ များအား မံဝိန်းကြီးကျေးရွာနေ အလှူရှင် ဒေါ်ရွယ်တောင်မိသားစုမှ ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ကုန် ပစ္စည်းများ လှူဒါန်းပေးအပ်လျက်ရှိကြောင်းသိရသည်။

 

အိမ်ထောင်စုတစ်စုလျှင် ဆန်(၅)ပြည်၊ ဆီ(၁)ပိဿာ၊ ဆား(၁)ပိဿာနှုန်းဖြင့် လှူဒါန်းပေးအပ်လျက်ရှိနေပြီး အောက်တိုဘာ ၂ ရက် မွန်းလွဲပိုင်းက မံဝိန်းကြီးကျေးရွာ ရပ်ကွက်(၇) အတွင်းရှိ တိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု (၃၁၀)ကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကာလအတွင်း တိုက်ပွဲရှောင်နေရပ်စွန့်ခွာပြည်သူများနှင့် ကျေးရွာအတွင်းမှ အခက်အခဲရှိသည့် အိမ်ထောင်စုများကို တတ်စွမ်းသမျှကူညီလှူဒါန်းခြင်းဖြစ်ကြောင်း၊ အိမ်ထောင်စု(၁၅၀၀)ကို လှူဒါန်း သွားမည်ပြီး အောက်တိုဘာ ၅ ရက်တွင် အပြီးသတ်လှူဒါန်းသွားမည်ဖြစ်ကြောင်း အလှူရှင်မိသားစုက ပြောကြားခဲ့သည်။

 

မံဝိန်းကြီးကျေးရွာအတွင်းနေထိုင်သည့် တိုက်ပွဲရှောင်နေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု စုစုပေါင်း (၁၃၀၀) ခန့်ရှိပြီး ကျေးရွာအတွင်းရှိိ တိုက်ပွဲရှောင်စခန်းများနှင့် ဆွေမျိုးနေအိမ်များအတွင်း နေထိုင်လျက်ရှိနေ ကြောင်း သိရသည်။

ရိန်(ပြန်/ဆက်)