၃ အောက်တိုဘာ
မန်ယူနည်းပြဆိုးရှားက မန်ယူလို အသင်းအနေနဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘဏ္ဍာရေး အကျပ်အတည်းကို ကျော်လွှားနိုင်မယ်လို့ ပြောကြားခဲ့ခြင်းက မှားယွင်းခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
မန်ယူအသင်းဟာ ယခုနှစ်အပြောင်းအရွှေ့မှာ ဒွန်နီဘန်ဒီဘက်တစ်ဦးကိုသာ ပေါင် ၃၅ သန်းနဲ့ ခေါ်ယူထားနိုင်ခဲ့သေးပြီး ကျန်ပရီမီယာလိဂ်အသင်းတွေနဲ့ ယှဉ်ရင်တောင် ငွေကြေးသုံးစွဲမှု အပိုင်းမှာ သိသိသာသာ လျော့နည်းခဲ့ပါတယ်။ အထူးသဖြင့် အသင်းရဲ့ ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဆန်ချိုကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ ငွေကြေးသုံးစွဲနိုင်မှု မရှိခြင်းက မန်ယူအတွက် အဓိကထိုးနှက်ချက် တစ်ရပ်ဖြစ်ခဲ့ပါတယ်။ မန်ယူအနေနဲ့ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ရရှိဖို့ အနေအထားမရှိတော့ဘူးလို့ အင်္ဂလန်ကလာတဲ့ သတင်းရင်းမြစ်တွေက အတိအကျ ကို ဖော်ပြပါတယ်။ မန်ယူက ပေါင်သန်း ၇၀ နဲ့ ၁၀၀ ကြား ပေးချေနိုင်ဖွယ်ရှိခဲ့ပေမယ့် ဒေါ့မွန်အသင်းဘက်က ပေါင် သန်း ၁၀၀ အထက် လိုချင်ခဲ့တာကြောင့် ဒီအပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ရတာပါ။
ကလပ်အသင်းအနေနဲ့ ကစားသမားတွေကို မြင့်မားတဲ့လစာပေးချေနေရမှုက ဝန်ထုပ်ဝတ်ပိုးတစ်ခု ဖြစ်ခဲ့ပြီး ဒီဂီယာအတွက် တစ်နှစ်ပေါင် ၁၉ ဒသမ ၅ သန်း၊ ပေါ့ဘာအတွက် ၁၅ သန်းနဲ့ မာတီယဲလ်အတွက် ၁၃ သန်း စသဖြင့် ပေးချေနေရတာကြောင့် ကစားသမားပြောင်းရွှေ့မှုအပိုင်းမှာ အကျပ်ရိုက်လာခဲ့တာဖြစ်ပါတယ်။
ဆိုးရှားကတော့ ယခုလို အကျပ်အတည်းက မန်ယူတစ်သင်းတည်း ဖြစ်ပေါ်ခဲ့တာမဟုတ်ဘဲ တစ်ကမ္ဘာလုံးကို သက်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပေမယ့် သူထင်ထားတာထက် ပိုမိုဆိုးရွားတဲ့ ဘဏ္ဍာရေးထိုးဆင်းမှုကို ကိုဗစ်-၁၉ ရောဂါက သယ်ဆောင်လာခဲ့တယ်ဆိုတာကိုတော့ ဝန်ခံခဲ့ပါတယ်။
မေလဲ့သင်း