မန်ယူအသင်းက လက်စတာအသင်းကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် ပရီမီယာလိဂ်ချန်ပီယံဖလား မန်စီးတီး အသင်း ဆွတ်ခူး

နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ မန်ယူအသင်းက လက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ်ဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ အနီးကပ်ဆုံး ပြိုင်ဘက်ဖြစ်တဲ့ မန်ယူအသင်းဟာ မေ ၁၁ ရက် ညပိုင်းက လက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ် ၃၅ မှာ လက်စတာစီးတီးအသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် မန်စီးတီးအသင်းဟာ အမှတ်ပေးဇယားဒုတိယနေရာက မန်ယူအသင်းကို ၁၀ မှတ်ဖြတ်ကာ ပရီမီယာလိဂ်ဖလားကို ရယူဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပရီမီယာလိဂ်ပွဲစဉ်သုံးပွဲကစားဖို့ ကျန်ရှိနေချိန်မှာ မန်စီးတီးအသင်းက ရမှတ်စုစုပေါင်း ၈၀ နဲ့ အမှတ်ပေး ဇယားထိပ်ဆုံးမှာ ရပ်တည်နေပြီး မန်ယူ အသင်းကတော့ ရမှတ်စုစုပေါင်း ၇၀ နဲ့ အမှတ်ပေးဇယား ဒုတိယ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းဟာ လက်ကျန်ပွဲစဉ် သုံးပွဲစလုံး အနိုင်ရရှိမယ်ဆိုရင်တောင် မန်စီးတီးအသင်းရဲ့ လက်ရှိရမှတ်ကို မမီနိုင်တော့တာကြောင့် မန်စီးတီး အသင်းက ရာသီမသိမ်းမီ ပရီမီယာလိဂ်ဖလားကို ရယူဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်စတာစီးတီး အသင်းကလည်း မန်ယူအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ရမှတ်စုစုပေါင်း ၆၆ မှတ်ရရှိထားပြီး ပရီမီယာလိဂ်ရာသီကုန်ချိန်မှာ အမှတ်ပေးဇယား အဆင့် ၄ စာရင်းဝင်ကာ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရဖို့ နီးစပ်ခဲ့ပြီ ဖြစ်ပါတယ်။

မန်စီးတီးအသင်းအတွက် အခုတစ်ကြိမ် ပရီမီယာလိဂ်ဖလားရရှိခဲ့ခြင်းဟာ လေးနှစ်တာကာလအတွင်း ပရီမီယာလိဂ်ဖလားကို သုံးကြိမ်မြောက်နှင့် ကိုးနှစ်တာကာလအတွင်းမှာ ငါးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

နည်းပြ ဂွါဒီယိုလာဟာ ၂၀၁၆ ခုနှစ်အတွင်း မန်ချက်စတာမြို့ဆီ ရောက်ရှိလာခဲ့ပြီးနောက် မန်စီးတီး အသင်းနဲ့အတူ ပြည်တွင်းဆုဖလား ရှစ်လုံးအထိ ရယူဆွတ်ခူးနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ယခုပရီမီယာလိဂ်ဖလားရရှိခြင်းဟာ သီတင်းပတ် နှစ်ပတ်အတွင်း ဒုတိယအကြိမ်ရရှိခဲ့တဲ့ဆုဖလားဖြစ်ပြီး လွန်ခဲ့တဲ့တစ်ပတ်ကလည်း စပါးအသင်းကို အနိုင်ရကာ ကာရာဘောင် ဖလားရယူနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီအသင်း ကို အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲကို တက်လှမ်းထားနိုင်ခဲ့ပြီး ချယ်လ်ဆီး အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ကာ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်မယ့် အသင်းအဖြစ်လည်း ရေပန်းစားနေတာ ဖြစ်ပါတယ်။

ငွေကြယ်