၉ အောက်တိုဘာ
မန်ယူအသင်းကွင်းလယ်ကစားသမား ပေါ့ဘာက လတ်တလောမန်ယူအသင်းမှာ ပျော်ရွှင်မှုရနေပေမယ့် ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ဖို့ သူ့အနေနဲ့ ဆန္ဒရှိကြောင်း ဖွင့်ဟလိုက်ပါတယ်။
ပေါ့ဘာဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက်တွေအတွင်း ရီးယဲလ်အသင်းနဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ရီးယဲလ်ဥက္ကဋ္ဌကြီး ပီရက်စ်က ပေါ့ဘာကို ခေါ်ယူဖို့ အားမပေးခဲ့တာကြောင့် နည်းပြဇီဒန်းက ပေါ့ဘာ ရရှိရေး ဆက်လက် မကြိုးပမ်းခဲ့တာလို့ သိရပါတယ်။
ပေါ့ဘာကတော့ မန်ယူအသင်းရလဒ်မကောင်းတိုင်း အသင်းကနေ ထွက်ခွာမယ့် ကစားသမားအဖြစ် ရေပန်းစားနေကြဖြစ်ပြီး ပြင်သစ်အသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ်တွေ ကစားဖို့ ရောက်ရှိနေစဉ်မှာပဲ ရီးယဲလ်နဲ့ ပတ်သက်ပြီး “ ဟုတ်တာပေါ့။ ကစားသမားတိုင်းက ရီးယဲလ်မှာ ကစားချင်ကြတာချည်းပါပဲ။ ဒါက အိပ်မက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပြီး ကျွန်တော့်မှာလည်း အလားတူ အိပ်မက်ရှိတာပေါ့။ လက်ရှိမှာတော့ ကျွန်တော့်ကလပ် မန်ယူအသင်းမှာ ပျော်ရွှင်နေပါတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မေလဲ့သင်း