နေပြည်တော် နိုဝင်ဘာ ၁၁

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် မြစိမ်းရောင် စီမံကိန်းကျေးရွာများတွင် ရန်ပုံငွေထုတ်ချေးခြင်း၊ အရင်း/အတိုးပြန်လည် ပေးဆပ်ခြင်း လုပ်ငန်းစဉ်များကို Manual Cash-based စနစ် ဖြင့်ဆောင်ရွက်လျက်ရှိပြီး ဒီဂျစ်တယ်စနစ်သုံး Mobile Financial Payment စနစ်ဖြင့် ပိုမိုကောင်းမွန်သော ရန်ပုံငွေလည်ပတ်မှုစနစ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မိုဘိုင်းဖုန်းဖြင့် ငွေကြေးလွှဲပြောင်းခြင်းလုပ်ငန်း (Mobile Financial Payment) စနစ်ဖြင့် ဆောင်ရွက်နိုင်ရေး ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်လီမိတက် (Shwe Bank)၊ မြန်မာ နိုင်ငံသားများဘဏ် (Myanmar Citizens Bank) တို့နှင့် သဘောတူစာချုပ်များ ချုပ်ဆိုကာ ရှေ့ပြေးစမ်းသပ် ဆောင်ရွက်သွားမည် ဖြစ်သည်။

 

အဆိုပါ ရှေ့ပြေးစမ်းသပ်ဆောင်ရွက်မည့် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရွာသစ်ကြီး ကျေးရွာတွင် ယနေ့မွန်းလွဲပိုင်းက Digital Payment ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းအခမ်းအနား ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

 

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ဦးစီးမှူးက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်လီမိတက် (Shwe Bank)၊ MoMoney နှင့် ပူးပေါင်း၍ Mobile Financial Payment စနစ်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ ကျေးရွာ (၉) ရွာ၊ အိမ်ထောင် စု (၁၀၆၆)စုအတွက် ချေးငွေကျပ် (၃၂၇ ဒသမ ၃၅) သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံသားများဘဏ် (Myanmar Citizens Bank) နှင့် ပူးပေါင်း၍ Mobile Financial Payment စနစ်ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ကျေးရွာ (၅) ရွာအနက် ကျေးရွာ (၃) ရွာ၊ အိမ်ထောင်စု (၂၇၀) အတွက် ချေးငွေကျပ် (၅၈ ဒသမ ၈) သန်း စတင်ထုတ်ချေးပေးခဲ့ပြီး ယခု အခမ်းအနားတွင် လယ်ဝေးမြို့နယ်၊ ရွာသစ်ကြီးကျေးရွာ အိမ်ထောင်စု (၁၀၂) စုအတွက် ငွေကျပ် (၂၉ ဒသမ ၄) သန်း ထုတ်ချေးမည်ဖြစ်ပြီး ကျန်ရှိနေသည့် ကျေးရွာကိုလည်း ဆက်လက်ထုတ်ချေးပေးမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသားများဘဏ် (Myanmar Citizens Bank) နည်းပညာအကြီးအကဲမှ Citizens Pay နှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးက နိုင်ငံတော်အစိုးရက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထူးအားပေးဆောင်ရွက်နေပါကြောင်း၊ မြစိမ်းရောင်စီမံကိန်း ချေးငွေများကို ငွေသားအစား Digital စနစ်ဖြင့် ဆောင်ရွက်သည့်အတွက် လုံခြုံစိတ်ချရမှု ရှိပြီး မြစိမ်းရောင်စီမံကိန်း၏ ပြောင်းလဲမှုတစ်ရပ်လည်း ဖြစ်ပါကြောင်း ပြောကြားကာ Citizens Pay ဖြင့် မြစိမ်းရောင်အသင်းသား တောင်သူများထံသို့ ချေးငွေများ ထုတ်ချေးနေမှုကို ကြည့်ရှုအားပေးသည်။

 

Mobile Financial Payment စနစ်ဆောင်ရွက်ခြင်းအားဖြင့် ကျေးလက်မိသားစုများသည် မိမိရွာအတွင်းရှိ နီးစပ်ရာကိုယ်စားလှယ်များထံတွင် အလွယ်တကူ ငွေထုတ်ယူနိုင်ခြင်း၊ ခရီးစရိတ် ကုန်ကျမှုများ မရှိတော့ခြင်း၊ Wallet ကိုအသုံးပြု၍ Digital နည်းပညာများ၏ ထုတ်ကုန်များကို ရယူ ခံစားနိုင်ခြင်း၊ ဖုန်းငွေဖြည့်ခြင်း၊ ဘေလ်များပေးဆောင်ခြင်း၊ ချေးငွေများ ထုတ်/သွင်းခြင်းကို မိတ်ဖက်ပါတနာကုမ္ပဏီများထံမှ ဝန်ဆောင်မှု များကို အထူးဈေးနှုန်းဖြင့် ရယူနိုင်ခြင်းစသည့် အကျိုးကျေး ဇူးများ ရရှိနိုင်မည်ဖြစ်သည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ သက္ကချင်း ကျေးရွာ၏ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုခဲ့ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးက စီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ အသင်းသား တောင်သူများမှ ကျေးရွာဖွံ့ဖြိုးရေး လိုအပ်ချက်များအား လည်းကောင်း တင်ပြရာ ဒုတိယဝန်ကြီးနှင့်အဖွဲ့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)