နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၇) ရက်နေ့၊ ညနေ (၅) နာရီ
မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်မှုဖြင့် ပြည်သူများ၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ပရဟိတလူမှုရေး အဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ပံ့ပိုးကူညီဝိုင်းဝန်း ဆောင်ရွက်မှုများ ကြောင့် ယခုအချိန်တွင် ရောဂါကူးစက်ဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ် ထားနိုင်လျက် ရှိပါသည်။
မိမိတို့ မြန်မာနိုင်ငံတွင် (၁၈-၅-၂၀၂၀) ရက်နေ့မှ (၇-၆-၂၀၂၀) ရက်နေ့ အတွင်းတွင် ဓာတ်ခွဲစစ်ဆေးသူပေါင်း (၂၂,၈၁၄) ဦးရှိသည့်အနက်မှ (၂-၆-၂၀၂၀) ရက်နေ့၌ တွေ့ရှိရသည့် ဓာတ်ခွဲအတည်ပြုလူနာတစ်ဦးမှလွဲ၍ ပြည်တွင်းတွင်ကူးစက်သော လူနာသစ် မတွေ့ရှိပါ။ (၁၈-၅-၂၀၂၀) ရက်နေ့မှ (၇-၆-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းအထိ တွေ့ရှိရသည့် ဓာတ်ခွဲအတည်ပြုလူနာ (၅၃) ဦးအနက် (၅၂) ဦးမှာ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများ ဖြစ်ကြပါသည်။ အဆိုပါ လူနာများမှ ရောဂါထပ်မံကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် မိမိတို့အားလုံး ကြိုးစားလုပ်ကိုင်လျက် ရှိပါသည်။
ကူးစက်ရောဂါတစ်ခုခုကြောင့် ဖြစ်ပွားသော ကပ်ရောဂါ၏ သဘောသဘာဝဆိုသည်မှာ ဖြစ်ပွားမှုနှုန်း တဖြည်းဖြည်း မြင့်တက်လာခြင်း (သို့မဟုတ်) ဖြစ်ပွားမှုနှုန်းတန့်နေခြင်း (သို့မဟုတ်) တဖြည်းဖြည်းကျဆင်းလာခြင်း (သို့မဟုတ်) ရုတ်တရက်ထပ်မံမြင့်တက် လာခြင်းမျိုး ရှိနိုင်ပါသည် (Epidemic curve)။ ယခုလိုကာလအချိန်မျိုး၌ မည်သည့်ဘက်သို့ ဦးတည်သွားမည်ကို တစ်ထစ်ချခန့်မှန်းပြောဆိုရန် အချိန်အနည်းငယ်စောလွန်းနေပြီး ပြည်သူများသိရှိရမည့် အချက်တစ်ချက်မှာ - ရောဂါဖြစ်ပွားသူများ နေရာအနှံ့အပြားမှ အစုလိုက်အပြုံလိုက် တစ်ပြိုင်နက်တည်းနီးပါး ပေါ်လာခြင်းမျိုးလည်း ရှိနိုင်ပါသည်။
ယခုလောလောဆယ်ကာလတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ဆောင်ရန်၊ ရှောင်ရန် အချက်များကို မလိုက်နာသူများ ရှိနေနိုင်ခြင်းနှင့် ရောဂါပျိုးချိန်ကာလ (Incubation period) အတွင်း၌ ရှိနေပြီး ရောဂါလက္ခဏာမပြသေး သူများ၊ ရောဂါမဖြစ်သေးသူများ ရှိနေနိုင်ခြင်းတို့ကြောင့် တစ်ချိန်တည်း တစ်ပြိုင်တည်းနီးပါး ရောဂါကူးစက်ပြန့်ပွားမှုများအများအပြား ဖြစ်လာနိုင်ပါသည်။ ထိုကဲ့သို့ ရောဂါ ကူးစက်မှုများသည် နေရာအနှံ့အပြား၌ (Nidus of infection) တစ်ပြိုင်နက် ပေါ်ပေါက်လာပါက ရောဂါထိန်းချုပ်ရန်ခက်ခဲပြီး မနိုင်မနင်းဖြစ်လာပါမည်။
ရောဂါတစ်ခုသည် ရောဂါပျိုးချိန် ရှည်ကြာလျှင်ရှည်သလောက် ပိုမိုအန္တရာယ်ရှိပါသည်။ နေရာဒေသတစ်ခုတွင် ကပ်ရောဂါတစ်ခု၏ ရောဂါပျိုးချိန်အရှည်ကြာဆုံးကာလ၏ နှစ်ဆတာကာလအတွင်း ရောဂါဖြစ်ပွားသူ တစ်ဦးတစ်ယောက်မှ မရှိမှသာလျှင် အဆိုပါ နေရာဒေသ၌ ရောဂါကူးစက်ဖြစ်ပွားခြင်း မရှိတော့ဟု ကောက်ချက်ချနိုင်ပါသည်။ ယခု COVID-19 ရောဂါတွင် ရောဂါပျိုးချိန်၏ နှစ်ဆတာကာလဖြစ်သော (၂၈) ရက်အတွင်း ရောဂါဖြစ်ပွားသူ တစ်ဦးတစ်ယောက်မှ မရှိမှသာ ရောဂါကူးစက်ဖြစ်ပွားခြင်း မရှိတော့ဟု ယူဆနိုင်ပါသည်။
ထိုသို့ ရောဂါဖြစ်ပွားမှုမရှိတော့ဟု ကောက်ချက်ချနိုင်သော အခြေအနေသို့ ရောက်ရှိပါကလည်း မိမိတို့အနေဖြင့် ကပ်ရောဂါတစ်ခုခု၏ အတိမ်အနက်ကို လုံးဝလျှော့တွက်၍ မရပါ။ အဘယ့်ကြောင့်ဆိုသော် ဤ COVID-19 ကပ်ရောဂါသည် ကမ္ဘာ၌ အသစ်ဖြစ်ပေါ်သော ရောဂါဖြစ်သည့်အပြင် ရောဂါ၏ ကူးစက်ပြန့်ပွားမှု ပုံသဏ္ဍာန်၊ ပျံ့နှံ့မှုအရှိန်အဟုန်၊ ရောဂါပြင်းထန်မှုအတိုင်းအတာစသည့် ရောဂါ၏ သဘော သဘာဝများကို အပြည့်အဝ မသိရှိရသေးသဖြင့် ဖြစ်ပါသည်။
ကူးစက်မြန်သည့် ရောဂါတစ်ခုဖြစ်သော COVID-19 ကာကွယ်၊ ထိန်းချုပ်မှု လုပ်ငန်းများကို ကူးစက်ရောဂါဗေဒရှုထောင့်၊ လူမှုစီးပွားရေးရှုထောင့်နှင့် ရှုထောင့် ပေါင်းစုံမှသုံးသပ်၍ တစ်ဆင့်ချင်း တစ်ဆင့်ချင်း တဖြည်းဖြည်းသာလျှော့ချပြီး ဆောင်ရွက် လျက်ရှိပါသည်။ ကပ်ရောဂါအသွင် ဖြစ်နေသော ရောဂါတစ်ခု၏ ထိန်းချုပ်မှု လုပ်ငန်းများကို ရုတ်ချည်းလွှတ်လိုက်ပါက စပရိန်တစ်ခုသဖွယ် အရှိန်ဖြင့်ပြန်တွန်းကန် တတ်သည့် သဘောရှိသဖြင့် တဖြည်းဖြည်းချင်းသာ လျှော့ချရမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပြည်သူများနှင့် အသွားအလာကန့်သတ်ခံထားရသူများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်များနှင့် လမ်းညွှန်ချက်များအား အရှိန်အဟုန်မပျက် ဆက်လက်လိုက်နာ ဆောင်ရွက်ကြပါရန်နှင့် လုံးဝ (လုံးဝ) မပေါ့ဆကြပါရန် ထပ်မံတိုက်တွန်းနှိုးဆော်အပ် ပါသည်။
ပြည်ထောင်စုဝန်ကြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
#Ministry_of_Health_and_Sports, #UnionMinisters_Message, #MoHS, #COVID19, #ကိုရိုနာဗိုင်းရပ်စ်