နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းအဝိုင်း၌ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုကြီးကို ဖေဖော်ဝါရီလ ၁၃ ရက်၊ ဗိုလ်ချုပ်အောင်ဆန်း ၁၀၅ နှစ်ပြည့်မွေးနေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဖွင့်လှစ်ပေးခဲ့သည်။ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် နေပြည်တော်တွင် ပြည်ထောင်စု၏ ကျေးဇူးရှင်ဖြစ်သည့် ဗိုလ်ချုပ်ကြေးရုပ်တုကြီးကို တင့်တယ်ခမ်းနား ထည်ဝါစွာ စိုက်ထူနိုင်ခဲ့သည့်အတွက် နိုင်ငံ၏ မြို့တော်ဂုဏ်အင်္ဂါနှင့် ပြည့်စုံစေပြီး ပြည်ထောင်စုနယ်မြေ၏ ဂုဏ်ဒြပ်ကိုလည်း ထင်ဟပ်ပေါ်လွင်စေသည်။ ။

 

တင့်တယ်ခမ်းနား မော်ကြွားနေသော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကြီး စွင့်စွင့် ပေါ်ထွန်းလာသဖြင့် တိုင်းရင်းသားပြည်သူများလည်း ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူကြပေလိမ့်မည်။ ပြည်ထောင်စု၏ ကျေးဇူးရှင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား သတိတရ ဂုဏ်ပြု အမှတ်တရ ထားရှိမှုမှာ တစ်နိုင်ငံလုံး အမျှပင်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးတိုင်းလိုလိုတွင် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အဆောက်အဦ၊ ရုပ်တုတို့ကို အမြတ်တနိုးတန်ဖိုးထား အသိအမှတ် ပြုထားကြသည်။

 

ယခုကဲ့သို့ အမြတ်တနိုးတန်ဖိုးထား အသိအမှတ် ပြုကြသောကြောင့်လည်း ခေတ်အဆက်ဆက်မက နောင်မျိုးဆက်များပါမကျန် ဗိုလ်ချုပ်အား မမေ့နိုင်ဘဲ အတုယူအားကျ တမ်းတနေကြမည်ဖြစ်သည်။ မျိုးဆက်သစ် လူငယ်များအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားဖြောင့်မတ် တည်ကြည်မှု၊ တိုင်းပြည်အပေါ်တွင် ဖြူစင်သောစေတနာ၊ သန့်ရှင်းသည့် မေတ္တာ၊ မွန်မြတ်သည့် လမ်းစဉ်များ ထားရှိမှုတို့ကို ပြည်သူများက အတုယူ အားကျပြီး တိုင်းပြည်နှင့်လူမျိုးအကျိုးကို သယ်ပိုး ထမ်းဆောင်လိုစိတ်များ တိုးပွားလာမည်ဖြစ်သည်။

 

ဗိုလ်ချုပ်အောင်ဆန်း၏ ပြတ်သားသည့် လက်ရုံးရည်၊ နှလုံးရည်၊ သီလ၊ သမာဓိ၊ ဂုဏ်သိက္ခာနှင့် ပြောင်မြောက်သောအသိပညာ၊ အတွေးအခေါ် အယူအဆများကို အားကျလျက် နိုင်ငံချစ်စိတ်များ ထက်သန် နိုးကြားလာမည် ဖြစ်သည်။ တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးမဖက် ရာထူးမမက် လွတ်လပ်ရေးအတွက် အသက်ပေးပြီး ကိုယ်ကျိုးစွန့် အနစ်နာခံမှုများကို နမူနာယူနိုင်ကြပြီး ဇာတိသွေး၊ ဇာတိမာန် ရှင်သန်နိုးကြားလာမည်ဖြစ်သည်။

 

ထိုကဲ့သို့ သူမတူအောင် စွမ်းဆောင်နိုင်သည့် ထူးကဲပြောင်မြောက်သော ဂုဏ်ရည်များနှင့်ပြည့်စုံသည့် မြန်မာ့နိုင်ငံရေး သမိုင်းတွင် ကမ္ပည်းမော်ကွန်း ရေးထိုးထားရမည့် ဗိုလ်ချုပ်အောင်ဆန်း၏ စွမ်းဆောင်မှုများကို စံနမူနာ ပြုစေရန် ရည်ရွယ်ချက်ဖြင့် ထုဆစ် တည်ဆောက်ထားသော ဗိုလ်ချုပ်ရုပ်တုကို မြင်တွေ့တိုင်း မြင်တွေ့တိုင်း ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သော၊ မျှော်မှန်းခဲ့သော လမ်းစဉ်များ၊ တာဝန်များကို ဆက်လက် အကောင်အထည်ဖော်ရန် ကျန်နေသေးသည်ကို မမေ့မလျော့ ရှိကြဖို့လိုမည်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုသတိရတိုင်း ဗိုလ်ချုပ်၏ လမ်းညွှန်မှာကြားခဲ့သည့် လုပ်ငန်းစဉ်များ ကျန်ရှိနေသေးသည်ကို မလစ်ဟင်းကြစေရန်ဖြစ်သည်။ ဗိုလ်ချုပ်ကြေးရုပ်တုဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတက -

 

"ကျွန်တော်တို့အစိုးရအနေနဲ့ အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့တဲ့အိပ်မက်ကို အကောင်အထည် ဖော်နိုင်ရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းလျက်ရှိပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရန် သန္နိဋ္ဌာန်ချပြီးဖြစ်ပါတယ်။ ဒီမိုကရေစီထွန်းကား၍ တည်တံ့ ခိုင်မြဲသော ပြည်ထောင်စုကြီးအဖြစ် တည်ထွန်းစေရန် ရည်သန်ပြီးဖြစ်ပါတယ်။ အခြေခံ လူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ထားရှိပြီးလည်း ဖြစ်ပါတယ်။ အာဏာရှင်ဆန်၍ ပြည်သူလူထုကို ဖိစီးနှိပ်စက်မည့် နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်းကားလာခြင်း မရှိစေရန်လည်း ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

 

သို့ဖြစ်ရာ ဤမွန်မြတ်သော အိပ်မက်များကို အကောင်အထည်ဖော်မည့် နိုင်ငံတော်၏ မျှော်မှန်းချက်များသည် ဗိုလ်ချုပ်အောင်ဆန်း၏ ရည်မှန်းချက်များနှင့် ထပ်တူထပ်မျှဖြစ်၍ နိုင်ငံတော်၏ ပန်းတိုင်သို့ရောက်ရှိအောင် ဗိုလ်ချုပ်အောင်ဆန်းကို အလေးအမြတ်ပြုကာ စည်းလုံးညီညွတ်မှုဖြင့် လက်တွဲကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။

 

ကြေးမုံ