နေပြည်တော်၊ ဩဂုတ် ၁၉
Mpox (မျောက်ကျောက်) ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက mpox (မျောက်ကျောက်) ရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်းကို ဒီမိုကရက်တစ် ကွန်ဂိုနိုင်ငံ၌ (၁၉၇၀) ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ဗဟိုအာဖရိကနှင့် အနောက်အာဖရိကတွင် ပုံမှန် အနေဖြင့်သာ ကူးစက်ဖြစ်ပွားလေ့ရှိသော ရောဂါအဖြစ်ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် အခြားနိုင်ငံအချို့ သို့ပါ ကူးစက်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ကပ်အသွင် ကူးစက်ဖြစ်ပွားခဲ့၍ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက်တွင် နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) အဖြစ် သတ်မှတ်ကြေညာ၍ တုံ့ပြန်ဆောင်ရွက်ခဲ့ရာ ဖြစ်ပွားမှုသိသာစွာ ကျဆင်းလာသည့်အတွက် ၂၀၂၃ ခုနှစ်၊ မေ ၁၁ ရက်တွင် PHEIC အခြေအနေမှ ရုတ်သိမ်းခဲ့ပါကြောင်း။
ယခု ၂၀၂၄ ခုနှစ်အတွင်း ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ (DRC) နှင့် အာဖရိကတိုက်ရှိနိုင်ငံများတွင် mpox (မျောက်ကျောက်) ရောဂါ ကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာခြင်း၊ mpox (မျောက်ကျောက်) ရောဂါ၏ မျိုးကွဲအသစ် (Clade Ib) သည် ဒီမိုကရက် တစ်ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းတွင် လျင်မြန်စွာကူးစက်ပျံ့နှံ့လာပြီး နယ်စပ်ဖြတ်ကျော်နှင့် နိုင်ငံတကာ ကူးစက်ပျံ့နှံ့မှုများ ရှိနေခြင်းကြောင့် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (PHEIC) အဖြစ် ပြန်လည်သတ်မှတ်ခြင်းဖြစ်သည်ဟု သိရှိရပါကြောင်း၊ မိမိတို့အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း နိုင်ငံများတွင်လည်း mpox (မျောက်ကျောက်) ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုများရှိနေသည်ကို တွေ့ရှိရသဖြင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ mpox (မျောက်ကျောက်) ရောဂါ ကူးစက်ဝင်ရောက်ပြန့်ပွားမှု မရှိစေရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်များအရ မြန်မာနိုင်ငံတွင် mpox (မျောက်ကျောက်) ရောဂါ ကူးစက်ဖြစ်ပွားနိုင်ချေ အလွန်နည်းပါးကြောင်း၊ mpox (မျောက်ကျောက်) ရောဂါသည် ရောဂါဖြစ်ပွားသူလူနာနှင့် အနီးကပ်ထိတွေ့ ဆက်ဆံမှုမှတစ်ဆင့် အဓိကကူးစက်နိုင်သည့်အတွက် လူတစ်ဦးချင်းအလိုက် တစ်ကိုယ်ရေ ရောဂါကာကွယ်ရေး အသိ၊ သတိတို့ဖြင့် ပြုမူနေထိုင်၍ ကာကွယ်နိုင်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနစ်မှ လက်ရှိအချိန်အထိ လူနာများ၏ ဓာတ်ခွဲနမူနာ (၁၂၉) ခုကို ဓာတ်ခွဲစစ်ဆေးခဲ့ရာတွင် mpox (မျောက်ကျောက်) ရောဂါ အတည်ပြုလူနာတွေ့ရှိခြင်း မရှိသေးပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုချက်များ တိကျစွာ ထုတ်ပြန်ထားရှိရာ မိမိတို့နိုင်ငံအနေဖြင့်လည်း ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် အကြံပြုချက်များကို နှီးနွယ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ အရှိန်အဟုန်မြှင့်တင်၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံဖြတ်ကျော် ဝင်၊ ထွက် ပေါက်များတွင် mpox (မျောက်ကျောက်) ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ပြည်တွင်း/ ပြည်ပ ခရီးသွားလာမှုကို မထိခိုက်စေဘဲ အထူးအလေးထား၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက ကမ္ဘာ့နိုင်ငံများတွင် mpox (မျောက်ကျောက်) ရောဂါ ဖြစ်ပွားမှုနှင့် မြန်မာနိုင်ငံတွင် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက နိုင်ငံဖြတ်ကျော် ဝင်၊ ထွက် ပေါက်များအပါအဝင် လူထုအတွင်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း တိုးမြှင့် ဆောင်ရွက်ခြင်း၊ သီးခြားထားရှိကုသမှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ စံကိုက်ကုထုံးများ သတ်မှတ်ခြင်း၊ ရောဂါပိုး ထိန်းချုပ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ စုဆောင်းထားရှိခြင်း၊ ကျန်းမာရေး ပညာပေးခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးတင်ပြကြသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံအုပ်ကြီး၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


