မင်းဘူး  ၁၇  ဇန်နဝါရီ 


မန်းရေနံမြေတွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် MPRL E&P Pte Ltd. သည် လုပ်ငန်းခွင်နှင့်ထိစပ်နေသော ကျေးရွာများမှ ဒေသခံများ ဦးဆောင်သည့် ကိုယ့်အားကိုယ်ကိုး အမှိုက်သိမ်းစနစ် ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီခဲ့ရာ ကနဦးစီမံချက်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ (၁) ရက်မှ စတင်ကာ အဆိုပါရေနံမြေနှင့် ထိစပ်ကျေးရွာ (၈) ရွာတွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ 

123


MPRL E&P Pte Ltd. သည် CSR လုပ်ငန်းဆိုင်ရာ ကဏ္ဍတစ်ရပ်အနေဖြင့် မန်းရေနံမြေဒေသ ပတ်ဝန်းကျင်သာယာလှပရေးနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲရေးကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက် နိုင်စေရန် ရည်ရွယ်၍ ဒေသခံများဦးဆောင်သည့် ကိုယ့်အားကိုယ်ကိုးအမှိုက်သိမ်းစနစ် ကနဦးစီမံချက် စတင်ဆောင်ရွက်နိုင်ရန် ပံပိုးကူညီခဲ့ခြင်းဖြစ်ပြီး မန်းရေနံမြေ ထိစပ်ကျေးရွာများမှ ကျေးရွာ အုပ်ချုပ် ရေးမှူးများ၊ ဌာနဆိုင်တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် MPRL E&P CSR ဝန်ထမ်းများနှင့် ကျေးရွာစေတနာ့ဝန်ထမ်းများက ယခုနှစ်  ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ များအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ 


ကိုယ့်အားကိုယ်ကိုး အမှိုက်သိမ်းစနစ် ကနဦးစီမံချက်ကာလတွင် သုံးဘီးအမှိုက်သယ်ယာဉ်ဖြင့် ကျေးရွာ (၈) ရွာအား နေ့ရက်သတ်မှတ်၍ အလှည့်ကျ လှည့်လည်အမှိုက်သိမ်းယူသွားမည် ဖြစ်ပြီး ယင်းအမှိုက်များကို မင်းဘူးမြို့နယ်အတွင်းရှိ အမှိုက်စွန့်ပစ်ရန် သတ်မှတ်ထားသည့် ဖို့မြေ ဧရိယာ များတွင် စနစ်တကျစွန့်ပစ်နိုင်ရန် သက်ဆိုင်ရာကျေးရွာအလိုက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများက ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။ 


အဆိုပါ ကိုယ့်အားကိုယ်ကိုး အမှိုက်သိမ်းစနစ် ကနဦး စီမံချက်ကာလအတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း စုပေါင်းအမှိုက်ရှင်းလင်းရာတွင် အမှိုက်ကောက်သူရဲကောင်းများအဖွဲ့ (Trash Hero Minbu)၊ MPRL E&P မန်းရေနံမြေဝန်ထမ်းများ၊ CSR ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံများပါဝင်သည့် ပူးပေါင်းအင်အား ၃၇၁ ဦး ပါဝင်ဆောင်ရွက်ခဲ့သည်။ မန်းရေနံမြေ ထိစပ် ဧရိယာများရှိ ကျေးရွာ ၈ ရွာတွင် မူလစွန့်ပစ်ထားသော လမ်းဘေးအမှိုက်များ နှင့် အမှိုက်ပုံများအား ဖယ်ရှားရှင်းလင်းရာတွင် အမှိုက် ၂၆၂ တန်ခန့်အား မင်းဘူးမြို့ စည်ပင်သာယာမှ အမှိုက်စွန့်ပစ်ရန် သတ်မှတ်ထားသော နေရာသို့ လည်းကောင်း၊ ကျန်အမှိုက် ၂၀၃ တန်ခန့်အား နန်းဦးကျေးရွာ နှင့်အောက်ကျောင်းရွာများအနီး ဖို့မြေကွက်များသို့လည်းကောင်း ရှင်းလင်း ပို့ဆောင်ခဲ့သည်။ 


အဆိုပါ ကနဦးစီမံချက် အောင်မြင်မှုအပေါ်မူတည်၍ ကိုယ့်အားကိုယ်ကိုး အမှိုက်သိမ်းစနစ်ကို မန်းရေနံ မြေနှင့် ထိစပ်ကျေးရွာ ၁၂ ရွာတွင် ရေရှည်ဆောင်ရွက်သွားနိုင်ရန် စီစဉ်ထားပြီး ဒေသခံ ပြည်သူ များနှင့် အခြေခံပညာကျောင်းသူကျောင်းသားများအား အမှိုက်စနစ်တကျစွန့်ပစ်ရေး နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် ပူးပေါင်းကူညီဆောင်ရွက်ရန် အသိပညာပေးအစီအစဉ် များကိုလည်း MPRL E&P CSR ဝန်ထမ်းများက စီစဉ်ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်