မြိတ် ၂ ဖေဖော်ဝါရီ

 

MPT ၏ ဆုတွေထူးရှယ် 2020 Lucky Draw အစီအစဉ်မှ ပထမအပတ် ရွှေ(၂)ကျပ်သား ကံထူးရှင်ဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှ ကိုဝေဖြိုးအောင်အား ဖေဖော်ဝါရီ ၁ ရက် နေ့လယ်ပိုင်းက မြိတ်မြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံး အစည်းအဝေးခန်းမတွင် ရွှေ(၂)ကျပ်သား ပေးအပ်ခဲ့သည်။

 

“နေ့လယ်ပိုင်း အိပ်နေတဲ့အချိန်မှာ MPT ရုံးမှ ရွှေ(၂)ကျပ်သား ပေါက်နေတယ်လို့ ဖုန်းဆက်လာတယ်။ ကိုယ့်ကိုယ်ကိုတောင်မယုံဘူး။ နားကြားလွဲသလိုဖြစ်သွားတယ်။ တနင်္သာရီတိုင်း MPT ရုံးမှ ဖုန်းခေါ်တော့မှ ယုံသွားတာပါ။ အရမ်းဝမ်းသာပါတယ်။ ဒီလိုဖြစ်သွားမယ်ဆိုတာ မထင်မှတ်ထားဘူး။ မထင်မှတ်ထားတာဖြစ်တဲ့အတွက် အရမ်းပျော်မိပါတယ်။ နောက်ထပ်လည်း ဒီလိုဆုမျိုးကို မြိတ်မြို့မှ ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပါတယ်” ဟု ကံထူးရှင် ကိုဝေဖြိုးအောင်က ပြောသည်။

 

ကံထူးရှင်အား ရွှေ(၂)ကျပ်သားပေးအပ်ပွဲတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းဒေသကြီး မန်နေဂျာ ဦးဇော်နိုင်လင်းက ၀မ်းမြောက်ဂုဏ်ပြုစကားပြောကြားပြီး ကံထူးရှင် ကိုဝေဖြိုးအောင်အား ရွှေ(၂)ကျပ်သား ပေးအပ်ချီးမြှင့်ဂုဏ်ပြုခဲ့သည်။

 

“ဆုတွေထူးရှယ် 2020 MPT ရဲ့ Lucky Draw ကံစမ်းမဲတွေမှာ TOYOTO ကားသစ်(၂)စီးဆု၊ ရွှေ(၂)ကျပ်သားဆု၊ ကျပ်သိန်း(၂၀)ဆု၊ တစ်နှစ်စာ Internet Data ဆုကြီးတွေပါပါတယ်။ တနင်္သာရီတိုင်းဒေသကြီးအနေနဲ့ ကိုဝေဖြိုးအောင် ဦးစွာပေါက်ပြီး ကိုသူရအောင်လည်း ထပ်မံ ရွှေ(၂)ကျပ်သား ဆွတ်ခူးထားပါတယ်။ မြိတ်မြို့ကပဲ ဖြစ်ပါတယ်။ TOYOTO ကားသစ်(၂)စီးကို ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းမှ ပေါက်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းဒေသကြီး မန်နေဂျာ ဦးဇော်နိုင်လင်းက ပြောသည်။

 

ရွှေ(၂)ကျပ်သား ကံထူးရှင် ကိုဝေဖြိုးအောင်သည် မြိတ်မြို့နယ် ဒေါကျေးရွာတွင် နေထိုင်သူဖြစ်ကာ   ကံစမ်းမဲကာလ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီ ၂၀ ရက် ကာလအတွင်း ကံထူးခဲ့ခြင်းဖြစ်သည်။ MPT ရဲ့ Lucky Draw ကံစမ်းမဲ အစီအစဉ်ကို ရက်တိုးပြီး ဖေဖော်ဝါရီ ၂၉ အထိ ကံစမ်းမဲဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)