ရန်ကုန် ၁၂ အောက်တိုဘာ
ဆက်သွယ်ရေးအော်ပရေတာ MPT ၏ ဆင်းကတ်များကို သုံးစွဲသူများအနေဖြင့် MPT ၏ ဝန်ဆောင်မှုအသစ် တစ်ခုဖြစ်သည့် Go Games ဝန်ဆောင်မှုမှတစ်ဆင့် အန်းဒရွိုက်ဖုန်းများအတွက် ဂိမ်းအမျိုးအစားပေါင်း ၄၀ဝ ကျော်ကို တစ်နေ့လျှင် ၂၀ဝ ကျပ်နှုန်းဖြင့် ရယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂိမ်းများရယူနိုင်မည့်ဝန်ဆောင်မှုကို အန်းဒရွိုက်ဖုန်းများအတွက် ရယူအသုံးပြုနိုင်မည်ဖြစ်ပြီး ဂိမ်းအမျိုးအစားများအနေဖြင့် တိုက်ခိုက်ရေးဂိမ်းများ၊ ဉာဏ်စမ်းပဟေဠိ အဖြေရှာရသောဂိမ်းများ၊ ကားမောင်း ပြိုင်ပွဲဂိမ်းများ၊ ဗျူဟာကျကျ ဖြေရှင်းရသည့်ဂိမ်းများ၊ အပျော်တမ်းဂိမ်းများနှင့် အားကစားဂိမ်း အစရှိသည်တို့ ပါဝင်မည်ဖြစ်ကြောင်း၊ Go Games ဝန်ဆောင်မှုကို ရယူလိုသူများအနေဖြင့် MPT ဆင်းကတ်ကို အသုံးပြု၍ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သည့် လိုတရ Portal တွင် Go Games အက်ပလီကေးရှင်းကို ဒေါင်းလုပ်ရ ယူနိုင်မည်ဖြစ်သည်။
ဝန်ဆောင်မှုကို စာရင်းသွင်းရယူပြီးသည်နှင့် တစ်ပတ်တာ အခမဲ့အသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး ဂိမ်းအမျိုးမျိုးကို ခုနစ်ရက်အတွင်း ကုန်ကျမှုမရှိဘဲ စမ်းသပ်ဆော့ကစားနိုင်မည်ဖြစ်သည်။ အခမဲ့ပေးအပ်ချိန် ကုန်ဆုံးသည့်နောက်တွင် သုံးစွဲသူများ၏ ဖုန်းဘေလ်မှ တစ်ရက်လျှင် ၂၀ဝ ကျပ်နှုန်းဖြင့် ဝန်ဆောင်ခ ကောက်ခံသွားမည်ဟု သိရသည်။ Go Games (Goama)o သည် အာရှနိုင်ငံများအတွင်းမှ ဂိမ်းကစားသူ အများဆုံး တစုတစည်းတည်း ရှိနေသည့် ဂိမ်းဝန်ဆောင်မှုတစ်ခုဖြစ်ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊သီရိလင်္ကာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ကမ္ဘောဒီးယား အစရှိသည့် အာရှနိုင်ငံခုနစ်နိုင်ငံတွင် Go Games အက်ပလီကေးရှင်းကို ရယူဆော့ကစားနိုင်သလို လာမည့်နှစ်အတွင်း ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့တွင် ဝန်ဆောင်မှု ဖြန့်ကြက်နိုင်ရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။
ကျော်ဇင်ဦး