သိပ္ပံစာရေးဆရာကိုကိုအောင်

 

ကမ္ဘာ့ အင်ဂျင်နီယာနေ့၊ ဆောင်ပုဒ်နှင့် လိုဂို

၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု အဖွဲ့အစည်း-ယူနက်စကို(United Nations Education, Science & Culture Organization-UNESCO)၏ အကြိမ်(၄၀)မြောက် အထွေထွေညီလာခံကြီးက နှစ်စဉ် မတ်လ ၄ ရက်ကို ကမ္ဘာ့ အင်ဂျင်နီယာနေ့ (World Engineering Day) အဖြစ် သတ်မှတ်အတည်ပြုပေးခဲ့သည်။


ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ်(World Federation of Engineering Organization-WFEO)ကို စတင် တည်ထောင် ခဲ့သည့် မတ်လ ၄ ရက်ကို ကမ္ဘာ့အင်ဂျင်နီယာနေ့ အဖြစ် သတ်မှတ်ပေးနိုင်ပါရန် ယူနက်စကိုသို့ တင်ပြအဆိုပြုခဲ့ရာ ယူနက်စကိုက ယခုကဲ့သို့ သတ်မှတ် အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ်၏ အဆိုပြုချက် အပေါ် ယူနက်စကိုက သတ်မှတ်အတည်ပြုပေးခဲ့ရာတွင် "World Engineering Day for Sutainable Development" ဟု ဆောင်ပုဒ် ချမှတ်ပေးခဲ့သည်။ အဆိုပါဆောင်ပုဒ်ကို ဆီလျော်အောင် မြန်မာဘာသာ ပြန်ဆိုရာတွင် မူရင်းဆိုလို ချက်၏ အနှစ်သာရ မပျက်စေဘဲ မြန်မာအင်ဂျင်နီယာတို့၏ စိတ်ထဲ၌ လွယ်လင့်တကူဖြင့် စွဲမှတ်နိုင်စေရန်အလို့ငှာ "မပြတ်တိုးတက်စဉ်အဆက်... တွဲလက်ညီညာ အင်ဂျင်နီယာ"ဟု ဂုဏ်ပြုဖော်ပြအပ်ပါသည်။

 

ယခု ၂၀၂၀ ပြည့်နှစ်မှစ၍ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများ၌ နှစ်စဉ် မတ်လ ၄ ရက်တွင် ကမ္ဘာ့ အင်ဂျင် နီယာနေ့ အခမ်းအနားများကို သိုက်သိုက်ဝန်းဝန်း ကျင်းပကြတော့မည်ဖြစ်သည်။ ကမ္ဘာ့အင်ဂျင်နီယာနေ့ အထိမ်း အမှတ် Logo တွင် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များအဖြစ် ကဏ္ဍတစ်ခု ချင်းစီအတွက် ခွဲခြားသတ်မှတ်ထားသော အရောင် ၁၇ ရောင်ပါဝင်ကာ အဆိုပါ အရောင် ၁၇ ရောင်ပါ အကွက် ကလေးများဖြင့် စုပေါင်းထားသောစက်ဝိုင်း၏ စက်ဝန်းမျဉ်း တစ်ဝက်ပေါ်တွင် ပင်နယံဖြင့် ရစ်ပတ်ထားသည်။


ကမ္ဘာ့အင်ဂျင်နီယာနေ့ အထိမ်းအမှတ်လိုဂို အလယ်ရှိ အကွက်လေးကွက်တွင် ရေအရင်းအမြစ်၊ စွမ်းအင်၊ အခြေခံ အဆောက်အအုံနှင့် တီထွင်ဆန်းစစ်မှုတို့ကို ကိုယ်စားပြုသော အရောင်လေးမျိုးကို ခြယ်သထားသည်။ အဆိုပါ ကဏ္ဍကြီးလေးရပ်အတွက် အင်ဂျင်နီယာ အများအပြားကို လိုအပ်သလို အင်ဂျင်နီယာ ပညာရေးဆိုင်ရာ ရည်မှန်းချက် အတွက်လည်း ကျွမ်းကျင်သော အင်ဂျင်နီယာများကို ယခု ထက်ပို၍ လိုအပ်သည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အင်ဂျင်နီယာပညာရေးသည် အလွန်အရေးကြီးသော မဏ္ဍိုင်ကြီးပင်ဖြစ်သည်။


ကမ္ဘာ့အင်ဂျင်နီယာနေ့ အထိမ်းအမှတ် လိုဂိုအဖြစ် ရေးဆွဲထားသော အရောင် ၁၇ မျိုး ခြယ်သထားသည့် အကွက် ၁၇ ကွက်ပါ ကမ္ဘာလုံးပုံသည် လူသားတိုင်းအတွက် အရေးကြီးသော ကမ္ဘာလုံးဆိုင်ရာ နေ့တစ်နေ့အဖြစ် ရည်ညွှန်း ထားခြင်းဖြစ်သည်။ ကမ္ဘာလုံးကို ရစ်ပတ်ထားသည့် ပင်နယံသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်ဂျင်နီယာနယ်ပယ်၏ အရေးပါမှုနှင့်အတူ မောင်းနှင်အားကို ရည်ညွှန်းထားခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် စည်းမျဉ်းကြပ်မတ်ရေး ဦးသျှောင် အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ဦးဆောင်ဦးရွက်ပြုမှုနှင့် အင်ဂျင်နီယာတို့၏ အသင်းအဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၏ လှုပ်ရှား ဆောင်ရွက်မှုတို့ဖြင့် မြန်မာ့အင်ဂျင်နီယာလောကကို ထိန်းသိမ်းစောင့်ရှောက်ပေးလျက် ရှိနေသည်။

 

အင်ဂျင်နီယာကောင်စီ ဥပဒေ

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအနေဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေပါ ရည်ရွယ်ချက်များ ဖြစ်သော-

 

(က) အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းများတွင် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား မှတ်ပုံတင် အင်ဂျင်နီယာ၊ မှတ်ပုံတင်ဘွဲ့ရ နည်းပညာကျွမ်းကျင်သူနှင့် မှတ်ပုံတင် နည်းပညာကျွမ်းကျင်သူများ၏ ဂုဏ်သိက္ခာ၊ ကျင့်ဝတ်နှင့် အရည်အသွေးတို့ကို ထိန်းသိမ်းမြှင့်တင်ရန်၊

 

(ခ) အင်ဂျင်နီယာ နည်းပညာများနှင့် သတင်းအချက်အလက် နည်းပညာများကို ပေါင်းစပ်အသုံးချလျက် နိုင်ငံတော်၏ သဘာဝသယံဇာတနှင့် လူသားအရင်းအမြစ်များအား သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြင့် အကျိုးရှိစွာ အသုံးချစေနိုင်မည့် နည်းလမ်းကောင်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ရှာဖွေ ဖော်ထုတ်ရန်၊

 

(ဂ) အင်ဂျင်နီယာပညာနှင့် နည်းပညာသင်ကြားမှု၊ သုတေသနပြုမှု၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် သတ်မှတ် ထားသော ပညာရပ်ဆိုင်ရာ စံချိန်စံညွှန်းပြည့်မီရန်၊ နည်းစနစ် မှန်ကန်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းရန်၊ ကျင့်ဝတ် သိက္ခာ ထိန်းသိမ်းစောင့်စည်းရန်နှင့် တာဝန်ကျေပွန်ရန် စသည့် လိုအပ်ချက်များ ပြည့်စုံရန်နှင့် စည်းကမ်းစနစ်ကျ စေရန်အတွက် လမ်းညွှန်ကြီးကြပ်ထိန်းသိမ်းပေးမှုများကို လည်းကောင်း၊ လိုအပ်သော အရေးယူမှုများကို လည်းကောင်း ဆောင်ရွက်ရန်၊

 

(ဃ) အင်ဂျင်နီယာလုပ်ငန်းနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာန၊ သက်ဆိုင်ရာအဖွဲ့အစည်းများက အခါအားလျော်စွာ ပေးအပ်သော အင်ဂျင်နီယာပညာဆိုင်ရာနှင့် နည်းပညာဆိုင်ရာ တိုင်းကျိုးပြည်ပြု လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန်၊

 

စသည်တို့နှင့်အညီ မှတ်ပုံတင်လက်မှတ် စိစစ်ရေး လုပ်ငန်းကော်မတီ (Assessment Committee)၊ အင်ဂျင်နီယာ အထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ် အသိ အမှတ်ပြုရေး လုပ်ငန်းကော်မတီ(Accreditation Com-mittee)၊ ကျင့်ဝတ်သိက္ခာထိန်းသိမ်းရေး လုပ်ငန်းကော်မတီ (Ethics Committee)၊ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်း ကော်မတီ (Disciplinary Committee)၊ စံချိန်စံညွှန်းများ၊ လုပ်ငန်းအခြေခံစံနှုန်းများနှင့် အင်ဂျင်နီယာဆိုင်ရာ ကျင့်ထုံးများပြုစုရေး လုပ်ငန်းကော်မတီ (Standards and Speci-fications Committee)၊ အင်ဂျင်နီယာပညာ စဉ်ဆက် မပြတ်သင်ကြားရေး လုပ်ငန်းကော်မတီ(Continuing Professional Development Committee)၊ အင်ဂျင်နီယာ ပညာဆိုင်ရာ ကုမ္ပဏီများ၊ အဖွဲ့အစည်းများအား စိစစ်အသိအမှတ်ပြုရေး လုပ်ငန်းကော်မတီ (Companies and Organizations Committee)၊ အပြည်ပြည်ဆိုင်ရာနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းကော်မတီ (National and International Relations Committee) ဟူသော မြန်မာ နိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ကော်မတီကြီးရှစ်ရပ်က ဦးဆောင်ကာ "အများပြည်သူ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးသည်သာ အခရာ"(To hold paramount the safety, health and welfare of the public) ဆောင်ပုဒ်နှင့်အညီ မြန်မာ့အင်ဂျင်နီယာ လောကတစ်ခုလုံး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။


မျှော်မှန်းချက်များ
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ မျှော်မှန်းချက်များဖြစ်သော မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးနှင့် အင်ဂျင်နီယာလုပ်ငန်းများ၏ အဆင့်အတန်းကို အာဆီယံ အဆင့်မှ အာရှပစိဖိတ်အဆင့်သို့၊ ထိုမှ အန္တိမပန်းတိုင်အဖြစ် နိုင်ငံတကာ အင်ဂျင်နီယာလုပ်ငန်း မဟာမိတ်အဖွဲ့(Inter-national Engineering Alliance)၏ အဖွဲ့ဝင်အဆင့်သို့ မြှင့်တင်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အင်ဂျင် နီယာပညာရေးတွင် Federation of Engineering Insti-tution of Asia & the Pacific(FEIAP) က တိုင်းကျိုးပြည်ပြု အဆင့်(Nation Building) သတ်မှတ်ပေးခဲ့ပြီးဖြစ်သည်။

 

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအနေဖြင့် အင်ဂျင်နီယာပညာ မြှင့်တင်ရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေးအစီအစဉ်များအရ-

 

ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ်(World Fedration of Engineering Organization-WFEO)

အာရှ-ပစိဖိတ် အင်ဂျင်နီယာအဖွဲ့ချုပ် (Federation of Engineering Institution of Asia of the Pacific- FEIAP)

ယူကေ အင်ဂျင်နီယာကောင်စီ(UK Engineering Council)

အာဆီယံ အင်ဂျင်နီယာပညာနှင့် နည်းပညာ အကယ် ဒမီ(ASEAN Academy of Engineering & Techno-logy -AAET)

စင်ကာပူ အင်ဂျင်နီယာပညာရှင်ဘုတ်အဖွဲ့ (Profes-sional Engineers Board, Singapore)

မလေးရှား အင်ဂျင်နီယာအသင်း(Institution of Engineer, Malaysia)

မလေးရှား အင်ဂျင်နီယာဘုတ်အဖွဲ့(Board of Engineers, Malaysia)

ပါကစ္စတန် အင်ဂျင်နီယာကောင်စီ (Pakistan Engineering Council)

ဖိလစ်ပိုင် နည်းပညာဆိုင်ရာကောင်စီ (Philippine Technological Council)

ဩစတြေးလျ အင်ဂျင်နီယာများအဖွဲ့ (Engineers, Australia)

တရုတ်(တိုင်ပေ) အင်ဂျင်နီယာ ပညာရေးဆိုင်ရာ အဖွဲ့အစည်း (Institute of Engineering Education, Taiwan-IEET)

တရုတ်အင်ဂျင်နီယာအသင်း (China Institute of Engineers)

တရုတ် သိပ္ပံနှင့် နည်းပညာအသင်း (China Associa-tion for Science & Technology)

ကွမ်ရှီးသိပ္ပံနှင့်နည်းပညာအသင်း (Guangxi Asso-ciation for Science & Technology-GAST)

နိုင်ငံတကာ အင်ဂျင်နီယာလုပ်ငန်း မဟာမိတ်အဖွဲ့ (International Engineering Alliance-IEA)

စသော နိုင်ငံတကာမှ အဖွဲ့အစည်းအသင်းအပင်းများနှင့် ဆက်သွယ်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

အင်ဂျင်နီယာကောင်စီ၏ ဆောင်ရွက်ချက်များ

အင်ဂျင်နီယာပညာရေးနှင့် ပတ်သက်၍ နိုင်ငံတကာမှ အင်ဂျင်နီယာပညာရှင် (Professional Engineer)များ အတွက် Washington Accord ၊ ဘွဲ့ရ နည်းပညာကျွမ်းကျင် သူ(Engineering Technologist)များအတွက် Sydney Accord နှင့် နည်းပညာရှင် (Engineering Technician) များအတွက် Dublin Accord များ ကမ္ဘာတစ်ဝန်း၌ ပေါ်ထွန်း လာခဲ့ပြီးဖြစ်သလို တစ်ဖက်တွင်လည်း အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဘွဲ့နှင့်ဒီပလိုမာသင်တန်းများ ပြီးဆုံးချိန်၌ တတ်မြောက်ရမည့်အရည်အချင်း(Graduate Attributes) ၁၂ ချက်ကို နိုင်ငံတကာ အင်ဂျင်နီယာလုပ်ငန်း မဟာမိတ် အဖွဲ့(I.E.A) က ထုတ်ပြန်သတ်မှတ်ထားပြီး ဖြစ်သည်။


ဤသည်တို့ကိုအကြောင်းပြု၍ ဘွဲ့လွန်ကာလတွင် လုပ်ငန်းခွင်အသီးသီး၌ ဝင်ရောက်လုပ်ကိုင်နေကြသော အင်ဂျင်နီယာပညာရှင်၊ နည်းပညာရှင်နှင့် နည်းပညာ ကျွမ်းကျင်သူများအတွက် အရည်အချင်းသတ်မှတ်ချက် (Professional Competencies Agreements)များ ပေါ်ထွက်လာခဲ့သည်။ International Professional Engineers Agreement ၊ International Engineering Technologists Agreement နှင့် Agreement for International Engineering Technicians တို့မှ အသက် မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ အရည်အချင်းသတ်မှတ် ချက် ၁၂ ချက်စီ အသီးသီး ပေါ်ထွက်လာခဲ့သည်။


မြန်မာနိုင်ငံ၏ အင်ဂျင်နီယာပညာရေး စနစ်တွင် ၂၀၁၃ ခုနှစ် မတိုင်မီအထိ အင်ဂျင်နီယာဘွဲ့သင်တန်းနှင့် ဒီပလိုမာ သင်တန်းများသာရှိခဲ့ပြီး အင်ဂျင်နီယာဘွဲ့ရပြီးနောက် ဆက်လက်လေ့လာရမည့် အထောက်အကူပြုစနစ်၊ အင်ဂျင်နီယာ ပညာရပ်နှင့် ဆက်စပ်သည့် Professional Development သင်တန်းများ မရှိခဲ့ပေ။ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေ ပေါ်ထွက်လာ ပြီးနောက် အင်ဂျင်နီယာများ၏ အရည်အသွေး တိုးတက် မြင့်မားရေးနှင့် ဘွဲ့ရအင်ဂျင်နီယာများ၏ အရည်အသွေးကို နိုင်ငံတကာအဆင့်မီစေရေးအတွက် ဆောင်ရွက်ခဲ့ရာ လက်တွေ့လုပ်ငန်းခွင်နယ်ပယ်သို့ ရောက်လာသည့် ဘွဲ့ရအင်ဂျင်နီယာများအနေဖြင့် Professional Competency Assessment ရှိလာစေရန် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ဆောင်ရွက်ခဲ့သည်။


နည်းပညာတက္ကသိုလ်များအတွက်လည်း အရည်အသွေး စိစစ်အသိအမှတ်ပြုမှုဆိုင်ရာ မူဝါဒနှင့် လုပ်ထုံးလုပ်နည်း များကိုရေးဆွဲကာ ရန်ကုန်နည်းပညာတက္ကသိုလ် အား အင်ဂျင်နီယာပညာ အရည်အသွေးစိစစ်မှုကို စတင်ပြုလုပ်ခဲ့ သည်။ ထိုကဲ့သို့ Engineering Assessment & Accreditation လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီက မြန်မာနိုင်ငံကို ကိုယ်စားပြု၍ အမျိုးသားအဆင့်ဖြင့် ဆောင်ရွက်နေခဲ့ခြင်း၏ အကျိုးရလဒ်အဖြစ် ၂၀၁၇ ခုနှစ် International Engineering Alliance (IEA) အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရသည်။
အဆိုပါ အစည်းအဝေးက မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို အသိအမှတ်ပြု ကာ Washington Accord သို့ Provisional Signatory Status စတင်လျှောက်ထားရန် ဖိတ်ခေါ်ခဲ့သည်။ ပုံမှန်အား ဖြင့် Provisional Signatory Status စတင်လျှောက်ထား ချိန်မှစ၍ နှစ်နှစ် ကြာမြင့်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ကြိုတင်ဆောင်ရွက်ထားမှုအချို့ မှာ ပြည့်စုံပြီးဖြစ်သည့်အတွက် တစ်နှစ်တာအတွင်းမှာပင် Status ရရှိနိုင်သည့် နည်းလမ်းဖြင့် လျှောက်ထားရန် ဖိတ်ခေါ်ခံခဲ့ရခြင်းဖြစ်သည်။ ဤသို့ဖြင့် ၂၀၁၈ ဇွန်လက လန်ဒန်၌ကျင်းပသော IEA အစည်းအဝေး၌ လျှောက်ထားခဲ့ရာ ယခုအခါ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီသည် Washington Accord တွင် Provisional Signatory ရရှိခဲ့ပြီး ဖြစ်သည်။


အင်ဂျင်နီယာအသင်းချုပ်
မြန်မာအင်ဂျင်နီယာတို့၏ အသင်းအဖွဲ့တစ်ခုဖြစ်သည့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တွင်လည်း အသင်းဝင် ပေါင်း ၆၅၀၀၀ ကျော်ရှိပြီး Inter. Disciplinary Committee ၃၆ ခုနှင့် Technical Division ၂၉ ခု ဖွဲ့စည်း ဆောင်ရွက်လျက်ရှိနေသည်။ အာဆီယံဒေသတွင်းနိုင်ငံ များ အပါအဝင် ကမ္ဘာ့နိုင်ငံအချို့ရှိ အင်ဂျင်နီယာ အသင်း အပင်းများနှင့် ချိတ်ဆက်ကာ ကျယ်ပြန့်သော အင်ဂျင် နီယာအသိုက်အဝန်းကို ကြိုးပမ်းထူထောင်လျက်ရှိသည်။ နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊ ပြည်၊ မုံရွာ၊ မကွေး၊ မော်လမြိုင်၊ တာချီလိတ်၊ ပုသိမ်၊ လားရှိုး၊ ကလော၊ စစ်တွေ၊ ကျိုင်းတုံ၊ မြစ်ကြီးနား၊ ထားဝယ်၊ လွိုင်ကော်၊ ပဲခူး၊ တောင်ငူ၊ ဟားခါး၊ ကလေး၊ ဘားအံ၊ မြိတ်၊ ကျောက်ဖြူ၊ မူဆယ်၊ ကော့သောင်း၊ တမူး၊ မြ၀တီ စသောမြို့များ၌လည်း အသင်းရုံးခွဲများကို ဖွင့်လှစ်ကာ လှုပ်ရှားဆောင်ရွက်လျက် ရှိသည်။


မြန်မာ့အင်ဂျင်နီယာလောကတစ်ရပ်လုံး တိုးတက်ဖွံ့ဖြိုးစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသော စည်းမျဉ်းကြပ်မတ်ရေး အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် အင်ဂျင်နီယာ အသင်းအပင်း ဖြစ်သည့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့အနေဖြင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း ယူနက်စကိုက သတ်မှတ်လိုက်သည့် ကမ္ဘာ့အင်ဂျင်နီယာနေ့ (World Engineering Day) အခမ်းအနားကို "မပြတ် တိုးတက် စဉ်အဆက်... တွဲလက်ညီညာ အင်ဂျင်နီယာ" ဟူသော ဆောင်ပုဒ်နှင့်အညီ လာမည့် မတ်လ ၄ ရက်မှ အစပြုကာ နှစ်စဉ်နှစ်တိုင်း အောင်အောင်မြင်မြင် ကျင်းပ သွားနိုင်ကြလိမ့်မည်ဟု မျှော်လင့်ရပေသည်။    ။