နေပြည်တော် ၂၆ စက်တင်ဘာ
ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ ထွက်ပြေးသူတို့သည် ကမ္ဘာ့တခြားသော လူသားများကဲ့သို့ ရပ်တည်အခြေပြုရာ နေရာတစ်နေရာသာ လိုလားခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ပါသည်။ အဆိုပါသံအမတ်ကြီး၏ စကားအဓိပ္ပာယ်သည် နိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားတို့က ဤမျှရိုးစင်းသော လူ့အခြေခံအခွင့်အရေးကိုပင် မပေးလိုဟု သက်ရောက်နေပါသည်။ နိုင်ငံတော်အစိုးရက နေရပ်စွန့်ခွာသွားကြသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် စာချုပ် ချုပ်ဆိုထားပြီးဖြစ်ရာ အပြောပိုသော ဤသံအမတ်ကြီး၏ စကားတို့က မရိုးသားသောမာယာတို့ကို လှစ်ဟဖော်ပြနေပါသည်။
အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲ၍ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လှုံ့ဆော်စည်းရုံးနေသည့် အမည်ဆန်းတပ် တိုင်းရင်းသားအခွင့်အရေး တောင်းဆိုမှုတို့က ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူတို့၏ တောင်းဆိုမှုသည် အခြေချရပ်တည်ရန် နေရာဒေသတောင်းဆိုခြင်း သက်သက်မဟုတ်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာအား ဖဲ့ထုတ်ယူရန် ကြိုးပမ်းနေသည်မှာ ပေါ်လွင်ထင်ရှားပြီး ဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေ အများဆုံးသော နိုင်ငံများ၏ အိမ်နီးချင်းနိုင်ငံအဖြစ် ရပ်တည်နေရသည့် မြန်မာနိုင်ငံ၏ တရားမျှတသော စိုးရိမ်ပူပန်မှုကို လျစ်လျူရှုခြင်းသည်ပင် မရိုးသားသော မာယာတို့၏သဘောကို ဖော်ပြနေပါသည်။
နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ၏ အဖွဲ့ဝင်နိုင်ငံမဟုတ်သည့် မြန်မာနိုင်ငံအား အစဉ်အလာ လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်လျက် အရေးယူရန် ကြိုးပမ်းမှုသည်လည်း မရိုးသားသော မာယာတို့၏သဘောကို ညွှန်းဆိုနေပါသည်။ အမေရိကန်နိုင်ငံကဲ့သို့သော ကမ္ဘာ့နိုင်ငံကြီးသည်ပင် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ၏ အခန်းကဏ္ဍကို လက်မခံ အသိအမှတ်မပြုကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်ပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လက်မခံ၊ အသိအမှတ်မပြုသော စံချိန်စံညွှန်းတို့ကို အဖွဲ့ဝင်နိုင်ငံမဟုတ်သည့် မြန်မာနိုင်ငံအပေါ် အတင်းအဓမ္မ ကျင့်သုံးရန် ကြိုးပမ်းမှုသည်လည်း အထက်၌ တင်ပြထားသကဲ့သို့ မရိုးသားသော မာယာတို့ကို ကျင့်သုံးခြင်းပင် ဖြစ်ပါသည်။
နိုင်ငံတော်အစိုးသည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများကို တိုင်းပြည်၏ ဥပဒေ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ပြန်လည်လက်ခံ၍နိုင်ငံသား ဖြစ်သင့် ဖြစ်ထိုက်သူများအား နိုင်ငံသား အခွင့်အရေးပေးရန် အခိုင်အမာ ကတိပြုဆောင်ရွက်ပြီး ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ မတူကွဲပြားသော လူ့အသိုက်အဝန်း နှစ်ရပ်၏ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးနှင့် တည်ငြိမ်ဖွံ့ ဖြိုးရေး ဖော်ဆောင်ပေးရန်ကိုလည်း သန္နိဋ္ဌာန်ချ ဆောင်ရွက်လျက်ရှိပါသည်။ ဤကဲ့သို့သော အခြေအနေ၌ ရခိုင်ပြည်နယ်အတွင်းရှိ လူသားအားလုံး၏ တည်ငြိမ်ဖွံ့ ဖြိုးရေးအတွက် နိုင်ငံတော်အစိုးရနှင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ရမည့်အစား အနှောင့်အသွား မလွတ်သော စကားတို့ကို ဆိုခြင်းသည် မြန်မာနိုင်ငံနှင့် နိုင်ငံသူ နိုင်ငံသားတို့အပေါ် မရိုးသားသော မာယာတို့ကို ကျင့်သုံးခြင်း ဖြစ်ပါကြောင်း လေးနက်စွာ တင်ပြအပ်ပါသည်။
မြန်မာ့အလင်း