ရန်ကုန် ၁၂ ဇန်နဝါရီ
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေး၊ သက်ကြီးစာပေပညာရှင်များ ပူဇော်ပွဲနှင့် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ကျိုက်ဝိုင်းဘုရားရင်ပြင် အောင်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)အလုပ်အမှုဆောင် ဉီးစိုးမြင့် (စိုးမှူး) က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အသင်းဥက္ကဌ ဉီးခင်ဇော်(မရမ်းကုန်း)က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် နှစ်ပတ်လည်အစည်းအဝေးကို စတင်ရာ မြို့နယ်အလုပ်အမှုဆောင်များ၏ အစီရင်ခံစာကို အတွင်းရေးမှူး မြေလတ်-ထင်ကျော်မိုးက ဖတ်ကြားတင်ပြခြင်း၊ အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးစာပေပညာရှင် (၁၇)ဉီးအား ကန်တော့ကြ၍ မြို့နယ်စာရေးဆရာအသင်းဝင် သားသမီးများမှ ကျောင်းသားကျောင်းသူ(၁၄)ဉီးအား ၂၀၁၉ခုနှစ်အတွက် ပညာသင်စရိတ်များကို အသင်းတာဝန်ရှိသူ တို့က ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး