ရန်ကုန်  ၁၀  မေ   

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် (၈)မိုင်လမ်းဆုံ  ခုန်းကျော်တံတားအောက်တွင်  မေ ၉ ရက် ညနေ ၄ နာရီခွဲခန့်က ယာဉ် ၃ စီး ဆင့်ကဲတိုက်ရာမှ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး ပြုတ်ကျဒဏ်ရာဖြင့် ရန်ကုန်ပြည်သူဆေးရုံကြီး အရေးပေါ်ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ရကြောင်း မရမ်းကုန်းမြို့နယ်  အခြေစိုက် မြန်မာ့ကြယ်ဖြူ (RESCUE) အဖွဲ့မှ သိရသည်။

မြန်မာ့ကြယ်ဖြူ လူမှုအဖွဲ့ West YRO ဦးလွင်မောင် က"Taxi က ဘီးပေါက်ပြီး မုန့်ပို့တဲ့ လိုက်ထရက်ကားကို ဝင်တိုက်မိတာ။ လိုက်ထရက်ကားပေါ်ကလူ ကားပေါ်ကနေပြုတ်ကျတာပါ။ (၈)မိုင်ယာဉ်ထိန်းခစန်းက အကြောင်းကြားလို့ ကျွန်တော်တို့ အရေးပေါ်လူနာတင်ယာဉ်နဲ့ အခင်းဖြစ်နေရာ ရောက်ခဲ့ပါတယ်။ အမျိုးသားတစ်ဦး နဖူးပေါက်ပြဲပြီး လည်ပင်းအရိုး နာကျင်ဒဏ်ရာ ရရှိတဲ့အခြေအနေမို့ အရေးပေါ်ပြုစု ဆောင်ရွက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အချိန်မီ အခမဲ့ ပို့ဆောင်ပေးခဲ့ကြပါတယ်။ ဒဏ်ရာက သာမန်လို့ ယူဆရပေမယ့် ဇက်ထိခိုက်မှုက ပြောလို့မရဘူး ပြင်းထန်နိုင်ပါတယ်" ဟုပြောသည်။

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး