ဒီဇင်ဘာ ၂၅ ရက်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဆန်းမြတ်ထွန်းကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ပြီး မရမ်းကုန်းမြို့နယ် မီးဘေးသင့် ပြည်သူများအား သုခိတာအိမ်ရာတိုက်ခန်းများ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် မရမ်းကုန်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ဇေယျာခေမာလမ်း၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အဖွင့်အမှာစကားပြောကြားပြီး ဆန်းမြတ်ထွန်းကုမ္ပဏီမှ ဦးကျော်သူရက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြို့တော်ဝန်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် တာဝန်ရှိသူများက သုခိတာအိမ်ရာတွင် နေထိုင်မည့် မီးဘေးသင့်ပြည်သူတစ်ဦးချင်းကို တိုက်ခန်းသော့များ ပေးအပ်ခဲ့ပြီး ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဇေယျာခေမာလမ်းသွယ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၃၅)လုံး လောင်ကျွမ်းခဲ့ကြောင်း၊ အဆိုပါမီးလောင်ကျွမ်းခဲ့သည့် မြေနေရာ၌ပင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဆန်းမြတ်ထွန်းကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ပြီး သုခိတာအိမ်ရာစီမံကိန်း ဖော်ဆောင်ခဲ့ရာ စီမံကိန်းတွင် ပါဝင်သော အဆောက်အအုံ(၇)လုံးအနက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ပြန်လည်အပ်နှံရမည့် ယင်းအိမ်ရာစီမံကိန်း Face-1 ၏ Building D, E, F, G (၄)လုံးရှိ အိမ်ခန်းပေါင်း(၄၀)အား ယင်းနေ့တွင်ကျင်းပသည့် ဖွင့်ပွဲအခမ်းအနား၌ မီးဘေးသင့်ပြည်သူများသို့ ပြန်လည်နေရာချထားပေးပြီး အပ်နှံမှာဖြစ်ကြောင်း၊ ကျန်ရှိသည့် Face-2 ၏ Building A, B, C (၃)လုံးရှိ အိမ်ခန်းပေါင်း (၅၀)အား ဆန်းမြတ်ထွန်းကုမ္ပဏီက ရရှိမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ မတ်လတွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)


