ရန်ကုန် ၁၂ မေ

 

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် ခိုး၊ ဆိုး၊ လု၊ နှိုက်သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် မရမ်းကုန်းမြို့နယ်အတွင်း Laptop နှင့် ဖုန်းအမျိုးမျိုး ခိုးယူမှုကျူးလွန်သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

မေ ၅ ရက် ညနေ ၄ နာရီတွင် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မြိုင်ဟေဝန်အိမ်ရာ၊ အမှတ်(၃၆)၊ MGL အမြန်ချောပို့လုပ်ငန်းကုမ္ပဏီမှ အသုံးပြုလျက်ရှိသော Laptop (၆)လုံးနှင့် လက်ကိုင်ဖုန်းအမျိုးမျိုး (၂၁)လုံး ပျောက်ဆုံးသွားကြောင်း သတင်းအရ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းကုမ္ပဏီ၌ အလုပ်လာလျှောက်ဖူးပြီး ခိုးမှုကျော်ဇော သတင်းရှိသူ ကမာရွတ်မြို့နယ်၊ (၈)ရပ်ကွက်နေ စိုးမင်းထွေး(ခ)အထွေးအား မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ မေ ၅ ရက် ည ၈ နာရီခွဲတွင် MGL ကုမ္ပဏီမှ ဖုန်းနှင့် Laptop များအား နေအိမ်တွင် သိမ်းဆည်းထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ခိုးမှုကျူးလွန်သူ စိုးမင်းထွေး(ခ)အထွေးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား