ရန်ကုန် ၂ ဇွန်

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဖျားနာကုသ အခမဲ့ဆေးခန်း (Fever Clinic) ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃) ရပ်ကွက်ရှိ ကျိုက်ဝိုင်းဘုရား ဘောလုံးကွင်းအတွင်း၌ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ပြီး ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ အခမဲ့ဆေးခန်းကို အဆိုပါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းဆရာဝန်များ၊ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် စေတနာရှင် ပြည်သူများပူးပေါင်းကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်းဖြစ်သည်။

 

ယင်းဆေးခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကိုယ်အပူချိန်တက်ခြင်း၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ နှာစေးဖြစ်နေသည့် လူနာများ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်နေသည့် လူနာများ၊ အနံ့/အရသာ ရုတ်တရက် ပျောက်သောလူနာများ၊ ကိုဗစ်-၁၉ ရောဂါပိုးရှိသော လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ခရီးသွားရာဇဝင်ရှိသူများကို လက်ခံကုသပေးလျက်ရှိသည်။

 

ဆေးခန်းကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖွင့်လှစ်ကာ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ထိုသို့ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

အလားတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်းစိန်၊ လှိုင်သာယာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဗိုလ်တထောင်၊ သင်္ဃန်းကျွန်း၊ လှိုင်မြို့နယ်တို့ အပါအဝင် အချို့မြို့နယ်များတွင်လည်း ထိုကဲ့သို့ ဖျားနာကုသအခမဲ့ဆေးခန်း (Fever Clinic) များကို ဖွင့်လှစ်ကာ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

သတင်းနှင့်ဓာတ်ပုံ- ဇော်ကြီး