ရန်ကုန်၊  ၃  ဇန်နဝါရီ

မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ မင်းဓမ္မလမ်း၊ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံ၊ ဗဟိုကာကွယ်ဆေး သိုလှောင်ရေး အအေးခန်းအတွင်းထားရှိသော ရေခဲသေတ္တာအမှတ် BC 2 အတွင်းမှ တိုင်းဒေသကြီး/ပြည်နယ်များသို့ ဖြန့်ဖြူးထားခြင်း လုံးဝမရှိသေးသော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးပုလင်းပေါင်း (၁၉၀,၅၅၂)ပုလင်းအနက် (၅၈၁၀)ပုလင်းနှင့် အသည်းရောင်အသားဝါ B ကာကွယ်ဆေး (၄၈၀)လုံး၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး (၇၀၀)လုံး စုစုပေါင်းတန်ဖိုး (၄၆,၀၈၁,၇၆၈)ကျပ်မှာ ပျောက်ဆုံးနေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေးအအေးခန်းမှ ဦးစီးအရာရှိက ခိုးယူသွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။

 

တိုင်ကြားလာမှုအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့က ဆေးပစ္စည်းအရောင်းဆိုင်များအား လိုက်လံစုံစမ်းခဲ့ရာ ပန်းဘဲတန်းမြို့နယ်၊ (၄)ရပ်ကွက်၊ (၂၇/အပေါ်)လမ်း၊  တိုက်(၂၀၂)၊ (ပ)ထပ်နေ တင်အေး(ခ) မိုဟာမတ်အီလီယက် (ခ)တင်လှ၏ ဆေးဆိုင်တွင် ရောင်းချကြောင်း စုံစမ်းသိရှိရသဖြင့် ၂၉.၁၂.၂၀၂၀ ရက်နေ့တွင် တင်အေး(ခ) မိုဟာမတ်အီလီယက် (ခ)တင်လှ ၏ ဆေးဆိုင်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ Lot No –T013330 ပါ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (၆၄၃)လုံး သိမ်းဆည်းရမိခဲ့သည်။ တင်အေး(ခ) မိုဟာမတ်အီလီယက် (ခ)တင်လှ အားစစ်မေးရာ သာကေတမြို့နယ်၊ ရှုခင်းသာအိမ်ယာနေ စိုးမြင့်(ခ) စလိုဒါဂျူး က လာရောက်ရောင်းချခြင်းဖြစ်ကြောင်း ထွက်ဆိုချက်အရ စိုးမြင့်(ခ) စလိုဒါဂျူးအား အမှုဖြင့် ဖမ်းဆီးစစ်ဆေးရာ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ပန်းပင်ချောင်ရပ်ကွက်၊ သစ်ခွမြိုင်လမ်း၊ အမှတ်(၅၇)နေ ဝဏ္ဏထွန်းက ရောင်းခိုင်းခြင်း ဖြစ်ကြောင်း ထွက်ဆိုစစ်ဆေးပေါ်ပေါက်ခဲ့သည်။

 

ဝဏ္ဏထွန်းပါ (၃)ဦးအား အမှုဖြင့်ဖမ်းဆီးပြီး တိုက်ဆိုင်စစ်ဆေးရာ ဝဏ္ဏထွန်း က Lot No – T013330 ပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(၅၈၁၀)လုံး၊ အသည်းရောင်အသားဝါ B ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင် ကာကွယ်ဆေးတို့အား ခိုးယူပြီး စိုးမြင့်(ခ) စလိုဒါဂျူးအား ရောင်းချခိုင်းခြင်း ဖြစ်ကြောင်း၊ စိုးမြင့်(ခ) စလိုဒါဂျူး က သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများအား ဆေးဝါးရောင်းချသူ တင်အေး(ခ) မိုဟာမတ်အီလီယက် (ခ)တင်လှ၊ သန်းထွန်း(ခ) အီမရမ်း(ခ)စာကလေး၊ အောင်နေဦးနှင့် စလင်းတို့ထံ ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ ပျောက်ဆုံး သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (၅၅၁၃)လုံး၊ အသည်းရောင်အသားဝါ B ကာကွယ်ဆေး(၄၈၀)လုံး၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး (၇၀၀)လုံး အား ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ပြစ်မှုကျူးလွန်သူ ဝဏ္ဏထွန်းပါ(၆)ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်