ရန်ကုန် ၁ သြဂုတ် 

 

ကိုဗစ်-၁၉  ကာလအတွင်း စားသောက်စားရိတ် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်၍ (ဆိုက္ကား/ ဂါလီ)နင်း အနှေးယာဉ်လုပ်သား ၈၀၀ ကျော်တို့အား  ကောက်ရိုးနွယ် လူမှုအကျိုးပြုအဖွဲ့နှင့် နှလုံးလှစေတနာရှင်များက ဆန်ရိက္ခာနှင့် စား‌သောက်ကုန် ကြက်သွန်နီ၊ ဆီ၊ ဆား၊ အချိုမုန့်၊ ခေါက်ဆွဲခြောက်များ‌ လှူဒါန်းမှုကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်း မြို့နယ် အမှတ်(၂)ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်းနှင့် အောက်ဗဟိုလမ်းထောင့်ရှိ(သမိုင်းခုံး ကျော်တံတား)အောက်၌ (ဆိုက္ကား/ ဂါလီ) နင်းနေကြသော အနှေးယာဉ်လုပ်သား ၈၀၀ ကျော်တို့ အား (အခမဲ့) ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

 

" ကျွန်တော်တို့ မရမ်းကုန်းမြို့နယ်မှာ ရပ်ကွက် (၁၀)ရပ်ကွက်ရှိပါတယ်။ ဒီနေ့တော့(၁)ရပ်ကွက်နဲ့ (၂ ) ရပ်ကွက်မှာရှိတဲ့ ဆိုက္ကားနင်းတဲ့သူ၊ ဂါလီနင်းတဲ့သူ စုစုပေါင်းဦးရေ ၁၀၀၀ လောက်မှန်းပြီး အလှူလုပ်တာပါ၊  အနှေးယာဉ်လုပ်သားတွေ၊ သူတို့ကိုမှီခိုနေတဲ့ မိသားစုတွေ အခုလို ကိုဗစ်ရောဂါ ထိန်းချုပ်ရေးကာလမှာ အသွားအလာအကန့်သတ်တွေရှိ‌နေတော့ ရှာဖွေစားသောက်ရတာ မလွယ်ကူကြဘူး၊ ဝင်ငွေကနည်းလာတယ်။  ကျပ်တည်း‌ နေကြ‌တာ‌ကြောင့် ကျွန်တော်တို့က နိုင်ငံတော်ရဲ့ ကိုဗစ်လုပ်ငန်းဆောင်ချက်အပေါ်မှာ တစ်ဖက်တစ်လမ်းက ကိုယ်နိုင်သလောက်ဝန်ကို အထောက်အကူ ပြုတဲ့သဘောပါ၊ ကျွန်တော်တို့မှာ လူမှုအကျိုးပြုသက်သက်ပါ၊  "ပိုသူကပေး လိုသူက ယူ"ပေါ့၊ ကျွန်တော်တို့လိုပဲ စိတ်အားထက်သန်တဲ့  စေတနာအလှူရှင်တွေကလည်း ပူးပေါင်းပါဝင်ကြပါတယ်၊ အ‌နှေးယာဉ်လုပ်သား တစ်ဦးကို ဆန် ၃ ပြည်  ဆီသန့် ၃၅ ကျပ်သား အပြင် ဆားပါမယ်၊ ကြက်သွန်နီ၊ အချိုမုန့် တန်ဖိုးအားဖြင့်(၅၀၀၀)ကျပ်ရှိပါတယ်၊ ကိုဗစ်ရဲ့ဒီကာလမှာ ခုလိုလှူဒါန်းဖြစ်တာ (၄)ကြိမ်ရှိသွားပါပြီ " ဟု ကောက်ရိုးနွယ် လူမှုအကျိုးပြုအဖွဲ့ ဥက္ကဌ ဦးသောင်းစိန် က ပြောသည်။

 

အဆိုပါ ကောက်ရိုးနွယ်လူမှုအကျိုးပြုအဖွဲ့မှ ကိုဗစ်ကာလမတိုင်မီ ၂၀၂၀ ခုနှစ် မတ်လ ၈ ရက်နေ့ထိ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆန်နှင့်ဆီ ပေါက်ဈေးထက် ဝက်လျှော့ချပြီး ရောင်းချပေးခဲ့သည်မှာ တနင်္ဂနွေနေ့ အကြိမ်ပေါင်း (၇၅)ကြိမ် လပေါင်း (၁၈) လတိတိကို ဒေသခံပြည်သူသို့ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း၊ မရမ်းကုန်းမြို့နယ် ရပ်ကွက်(၁၀)ခုအတွင်းရှိ  သက်ကြီးရွယ်အို အနှေးယာဉ်လုပ်သားများနှင့် ကျန်းမာရေးကြောင့် (ဆိုက်ကား/ဂါလီ) မနင်းနိုင်‌သော အနှေးယာဉ်လုပ်သားများအားလည်း စာရင်းကောက်ယူ၍ ခုလို ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စားသောက်ကုန်များ (အခမဲ့) ဆက်လက်လှူဒါန်း‌ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း-ဓါတ်ပုံ

မျိုးမင်းသိန်း(မရမ်းကုန်း)