ရန်ကုန် ၂၂ နို၀င်ဘာ

 

COVID - 19 ရောဂါကပ်ဆိုး  လှိုင်းကျရောက်နေချိန်  ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်း မြို့နယ် အမှတ်(၂ )ရပ်ကွက် အတွင်း ကိုဗစ်ကာလ Stay at Home နေထိုင်သော အခြေခံ မိဘပြည်သူများ လက်ဝယ်သို့ "ပိုသူကပေး-လိုသူကယူ" စနစ်အခြေခံလျက် အိမ်တိုင်ရာရောက် အခမဲ့  ပေးဝေငှပေးခြင်းကို မရမ်းကုန်း မြို့နယ်အခြေစိုက်ကောက်ရိုးနွယ်လူမှုအကျိုးပြုအဖွဲ့ ဥက္ကဋ္ဌ ဦးသောင်းစိန် ဦးဆောင်သော မောင်နှမမိသားစုတို့က နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက လမ်းအလိုက်ဆန်ရိက္ခာ တစ်အိမ်ထောင်တစ်ပြည်နှုန်း လှူဒါန်းပေးခဲ့သည်မှာ (၅)ကြိမ်မြောက်ရှိပြီးဖြစ်ကြောင်း သိရသည်။

 

"ကျွန်တော်တို့မိသားစုနဲ့သာ ဖွဲ့ထားတဲ့အဖွဲ့လေးပါ ကိုဗစ်စဖြစ်လာတဲ့အချိန် မိသားစုရဲ့ ပိုလျှံငွေလေးနဲ့ အပေါင်းအသင်းထည့်ဝင်ငွေလေးနဲ့ ပေါင်းစုပြီး လက်လုပ်လက်စား ခေါင်ရွက်ဗျပ်ထိုး အနှေးယာဥ် လုပ်သားတွေကို ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ဝေမျှလှူဒါန်းခဲ့တာရှိပါတယ်၊ ခုတော့ မိသားစုငွေနဲ့ ကိုယ့်အနီးအနားရပ်ကွက်လမ်းအလိုက် အောက်တိုဘာလကစ ရက်သတ္တနှစ်ပတ်ခြား စနေနေ့ အပတ်တိုင်း အိမ်ထောင်စု ၈၀၀ ခန့်ကို ဆန်တစ်ပြည်ကျအခမဲ့ပေးတာပါ၊ ကိုဗစ် မပြီးသေးရင် ဆက်ပြီးလှူသွားဖို့ရှိပါတယ်"ဟု  ကောက်ရိုးနွယ်လူမှုအကျိုးပြုအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းစိန်ကပြောသည်။

 

အဆိုပါလှူဒါန်းရခြင်း၏ ဆောင်ရွက်မှုမှာ ကိုဗစ်ရောဂါပိုးရှိ နေခြင်းကြောင့် အချို့မိသားစုများသည် နေအိမ်မှာပင် Stay at Home နေထိုင် နေကြရသည်ဖြစ်၍  အခြေခံပြည်သူများမှာ လုပ်ကိုင်နေကြလုပ်ငန်း အချို့သည်လည်း ယခင်ကကဲ့သို့ လျင်လျင်မြန်မြန် မလုပ်နိုင်ကြခြင်း၊ အိမ်ထဲမှာနေနေကြရခြင်း၊ မိသားအလိုက် စားရေးသောက်ရေး အခက်အခဲရှိနေကြရခြင်းတို့ကြောင့် ရပ်ကွက်ရှိ လမ်းအလိုက် ဆယ်အိမ်မှူး/ရာအိမ်မှူးများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော ကန့်သတ်မှတ်ချက် Social Distancing နှင့် အညီ စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့်လည်း၊ အိမ်တိုင်ရာရောက် ဆန်ရိက္ခာများ အခမဲ့ လိုက်လံ ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယနေ့တွင် လမ်း ၅ လမ်းရှိ အိမ်ထောင်စု(၇၅၀)ကို ပေးဝေနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကောက်ရိုးနွယ် လူမှုအကျိုးပြုအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းစိနမှ ထပ်မံဖြည့်စွက် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)

ဓါတ်ပုံ-မျိုးကြီး

 

mdn