သုဝဏ္ဏဝတီမြို့ ၁၀ မတ်
မွန်ပြည်နယ် သုဝဏ္ဏဝတီမြို့အနီး ပတ်ဝန်းကျင်ကျေးရွာများတွင် ရာသီပင်ဖြစ်သော မရမ်းသီးများ ပေါများစွာ ထွက်ရှိသော်လည်း ဈေးကောင်းမရသဖြင့် မိမိအိမ်၌ တစ်နိုင်တစ်ပိုင် မရမ်းယိုပြုလုပ် ရောင်းချ၍ ဈေးကောင်းရရှိကြောင်း သိရသည်။

“ဒီနှစ် မရမ်းသီးအထွက်ကောင်းတယ်၊ ဒါပေမဲ့ မရမ်းပြား၊ မရမ်းယိုလုပ်ငန်း လုပ်ကိုင်တဲ့သူတွေက အပင်ပြတ်လာဝယ်ကြတယ်၊ အပင်မှခါချသည့်အသီး (မရမ်းပြားပြုလုပ်သည့်အသီး)၊ အပင်ပေါ်တက်၍ လက်ဆွတ်သီး (မရမ်းယိုပြုလုပ်သည့်အသီး) အလိုက် ဈေးနှုန်းအမျိုးမျိုးရှိတယ်၊ ခန့်မှန်း၊ ပျှမ်းမျှဈေးက တစ်တင်းကို ကျပ်ငါးထောင်ခန့်ပဲ ရှိတယ်၊ ဒိုင်တွေဆီ သွားရောင်းတယ်၊ သူတို့က မရမ်းပြား/မရမ်းယို လုပ်ကြပြီး ပြန်ရောင်းတာပါ၊ ဈေးဆိုင်တွေမှာ မရမ်းယိုတစ်ပိဿာဆိုရင် ကျပ်တစ်သောင်း ရှိတယ်၊ အဲ့ဒါကြောင့် အလုပ်အားတဲ့အချိန်မှာ မရမ်းယိုလုပ်နေတာပါ၊ မရမ်းယိုတစ်အိုး (လက်ဆွတ်ခူးတဲ့ မရမ်းသီးအလုံး လေးရာခန့် ဆန့်သော) ကြေးအိုးထဲမှာ ပထမဦးစွာ လတ်ဆတ်တဲ့ မရမ်းသီးကို ထက်ခြမ်းခြမ်းပြီး အစေ့နဲ့ အသားနဲနဲ ခြစ်ထုတ်ရပါတယ်၊ ပြီးတော့ ယိုတဲ့အခါ ပျော့ပြဲမသွားအောင်လို့ ထုံးရေနဲ့ တစ်ညစိမ်ပြီး ရေနဲ့ အကြိမ်ကြိမ် ပြောင်အောင်ဆေးရတယ်၊ မရမ်းသီးအလုံးလေးရာပါတဲ့ အိုးထဲကို သကြားတစ်ပိဿာခွဲ (သို့) နှစ်ပိဿာနဲ့ ဆားအနည်းငယ် ရောထည့်ပြီး၊ မီးဖိုပေါ်တင်ပြီး အချိန်တစ်နာရီခန့် မွှေပေးရပါတယ်၊ အရည်စစ်ပြီဆိုရင် ဇကာနဲ့ စစ်လိုက်တဲ့အခါ အစိမ်းရောင် သန့်သန့်နဲ့ ကောင်းမွန်တဲ့ မရမ်းယို ကောင်းကောင်း ရပါပြီ၊ တစ်အိုးကို မရမ်းယိုတစ်ပိဿာ အစိတ်သားခန့်ရတယ်၊ ရွာမှာတင် တစ်ပိဿာ ကျပ်ခုနစ်ထောင်၊ ရှစ်ထောင်နဲ့ ရောင်းရပါတယ်၊ မရမ်းယိုလုပ်တာ ရောင်းတဲ့အခါလည်းရောင်း၊ ဧည့်သည်လာတဲ့အခါ လက်ဆောင်ပေး၊ ဧည့်ခံရတဲ့အပြင် မရမ်းယိုလုပ်ရတာလည်း လွယ်ပါတယ်၊ အဓိကက ကြေးနဲ့လုပ်တဲ့အိုးပဲ လိုတာပါ”ဟု ဝင်းပကျေးရွာအတွင်း မရမ်းယိုပြုလုပ်နေသူ နော်မီးငယ်က ပြောသည်။

မရမ်းသီးရာသီ မစတင်မီကပင် သုဝဏ္ဏဝတီမြို့အနီး ပတ်ဝန်းကျင်ကျေးရွာများရှိ အပင်များအား ဒေသတွင်းရှိ တံတားဦးကျေးရွာ၊ ကင်းမွန်းခြုံကျေးရွာများမှ မရမ်းပြား/ယို လုပ်ကိုင်သူများက ကြိုတင်၍ အပင်အရေအတွက်အလိုက်၊ အပင်အကြီးအသေးအလိုက် အသီးအထွက်နှုန်းကို တွက်ချက်၍ ပုတ်ပြတ်(တစ်ရာသီ) သီးစားလိုက်လံဝယ်ယူကြကြောင်း သိရသည်။
ပြည်နယ်အတွင်း ဒေသထွက် သီးနှံများဖြစ်သော ဒူးရင်း၊ ကျွဲကော၊ သံပုရာ၊ ရှောက်၊ မရမ်းသီးများအား ပြည်သူများ၏ ဝင်ငွေတိုးစေရေး၊ တစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြင့် သစ်သီးယိုများကို ထုတ်လုပ် ရောင်းချနိုင်အောင် မွန်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သစ်သီးယိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေပြီး စားသောက်ကုန်များအား ဓါတုနှင့်အဏုဇီဝ ဓာတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်ပေး၍ လိုအပ်သောအကြံဉာဏ်နှင့် နည်းပညာများကို ပံ့ပိုးကူညီပေးမည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် တန်ဖိုးနည်းသီးနှံများအား တန်ဖိုးမြင့်ကုန်ချောများ ဖြစ်အောင် ထုတ်လုပ်၍ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များအား ထုပ်ပိုးမှုပုံစံများ အသစ်ပြောင်းလဲ ဆောင်ရွက်နိုင်ရန် လိုအပ်ချက်များ ရှိနေသေးကြောင်း သိရသည်။
ခွန်(ဝင်းပ)
