မန္တလေး ၃ ဇူလိုင်
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးသည့် ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများ ရောင်းချရာတွင် အမှန်တကယ် နေထိုင်လိုသူများသာ ရရှိစေရန် အိမ်ရာဝယ်ယူခွင့် ရရှိသူများမှ အာမခံကြေးငွေ ကျပ်ငါးသိန်း ကြိုတင်ပေးသွင်း၍ အိမ်ခန်းနေရာအတွက် မဲနှိုက်ရောင်းချပေးသွားမည်ကြောင်း သိရသည်။
''အရင်တစ်ခေါက်က ရောင်းချပေးခဲ့တဲ့ တိုက်ခန်းတွေကို လျှောက်လွှာတင်ပြီး မဲနှိုက်ပေမယ့် မြေညီထပ်နဲ့ ပထမထပ်ပေါက်ရင်တော့ ယူလိုက်ပြီး သုံးထပ်၊ လေးထပ် စတဲ့ အထပ်မြင့် ပေါက်သူတွေအနေနဲ့ အခန်းတွေ ပြန်အပ်ခဲ့သလို ဆက်သွယ်ခြင်းမရှိခဲ့တဲ့ တိုက်ခန်းပေါင်း ၈၆ ခန်းရှိခဲ့တဲ့အတွက် အမှန်တကယ် နေထိုင်လိုသူတွေအတွက်တော့ နစ်နာသွားတာပေါ့။ ဒါကြောင့် အခုတစ်ကြိမ်ရောင်းချတဲ့အချိန်မှာ ဒီလိုမျိုးတွေ ထပ်ပြီးမဖြစ်ပေါ်ဘဲ အမှန်တကယ်နေထိုင်လို သူတွေအတွက်ပဲ နေရာချထားနိုင်အောင် တိုက်ခန်းဝယ်ယူခွင့် မဲပေါက်သူတွေအနေနဲ့ အခန်းနေရာအတွက် ထပ်မံမဲနှိုက်တဲ့အချိန်မှာ အာမခံကြေးငွေ ငါးသိန်းကျပ်ကို ကြိုတင်ပေးသွင်းပြီးမှ မဲနှိုက်ရောင်းချမယ့်အစီအစဉ်ကို ဆောင်ရွက်သွားမှာပါ'' ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
လက်ရှိတွင် အဆိုပါကော်မတီမှ တည်ဆောက်ပြီးစီးနေသည့် မြရည်နန္ဒာရပ်ကွက်ရှိ တန်ဖိုးမျှတ အိမ်ရာတိုက်ခန်း ပေါင်း ၅၄၂ ခန်းကို မန္တလေးခရိုင် ခြောက်မြို့နယ်အတွင်းရှိ အရပ်ဖက် နိုင်ငံဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် ရောင်းချပေးနိုင်ရန် လျှောက်လွှာတစ်စောင်လျှင် ၅၀ဝ ကျပ်နှုန်းဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်မှ ၃၀ ရက်အထိ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရုံးဝန်းအတွင်း ရောင်းချပေးခဲ့ရာ လာရောက်လျှောက်ထားသူ အရပ်ဖက်နိုင်ငံဝန်ထမ်း ၁၂၂၁ ဦးနှင့် အငြိမ်းစားဝန်ထမ်း ၄၁၂ ဦး စုစုပေါင်း လျှောက်လွှာ ၁၆၃၃ စောင်ကို ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါရောင်းချမည့် တိုက်ခန်းများအတွက် လျှောက်လွှာများကို ဇူလိုင် ၁ ရက်မှ ၁၄ ရက်အထိ ပြန်လည်လက်ခံပေးသွားမည်ဖြစ်ပြီး ယခင်လျှောက်ထားပြီး မဲပေါက်ခြင်းမရှိသူများမှ ပြန်လည်လျှောက်ထားရန် အဆိုပြုလွှာများကိုလည်း ဇူလိုင် ၁ ရက်မှစတင် လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။
ယခုရောင်းချမည့် တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများမှာ တစ်ခန်းလျှင် ၆၆၁ စတုန်းရန်းပေရှိ လေးခန်းတွဲ ခြောက်ထပ်ပါ အခန်း ၅၄၂ ခန်းဖြစ်ပြီး တစ်ခန်းလျှင် ကုန်သွယ်လုပ်ငန်းခွန် သုံးရာခိုင်နှုန်းအပါအဝင် မြေညီထပ် ကျပ် ၂၆၇ သိန်း ရှစ်သောင်း၊ ပထမထပ် ကျပ် ၂၄၇ သိန်း နှစ်သောင်း၊ ဒုတိယထပ် ကျပ် ၂၂၆ သိန်း ခြောက်သောင်း၊ တတိယထပ် ကျပ် ၂၁၆ သိန်း သုံးသောင်း၊ စတုတ္ထထပ် ကျပ် ၂၀၆ သိန်း၊ ပဉ္စမထပ် ကျပ် ၁၉၅ သိန်း ခုနစ်သောင်းနှုန်းဖြင့် ပွင့်လင်းမြင်သာစွာ မဲစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


