မန္တလေး ၃၀ ဇန်နဝါရီ
ဒုတိယအကြိမ် ရောင်းချမည့် မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ယာများကို ပင်စင်စား၊ ဝန်ထမ်းများအပြင် ပြင်ပမှ လူပုဂ္ဂိုလ်များကိုလည်း ရောင်းချပေးရန်ဆွေးနွေးနေကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း တန်ဖိုးမျှတ အိမ်ယာများကို ဒုတိယအကြိမ် ရောင်းချရန် ရည်ရွယ်ထားပြီး ပင်စင်စား၊ ဝန်ထမ်းများအပြင် ပြင်ပမှ လူပုဂ္ဂိုလ်များကိုလည်း ရောင်းချပေးနိုင်ရန် ဆွေးနွေးနေသည်ဟု သိရသည်။
‘အရင်တစ်ကြိမ် ရောင်းတုန်းက ပင်စင်စားတွေ၊ ဝန်ထမ်းတွေရယ်ကိုပဲ ဦးစားပေးပြီးရောင်းချခဲ့တယ် ဒီတစ်ကြိမ်ရောင်းရင်တော့ ပင်စင်စားနဲ့ ဝန်ထမ်းလည်း ပါသလို ပြင်ပကပုဂ္ဂိုလ်တွေကိုလည်း ရောင်းမယ်လို့တော့ ဆွေးနွေးနေကြတယ်။ ဆုံးဖြတ်တာတော့မဆုံးဖြတ်ရသေးဘူး’ ဟု မန္တလေးမြို့ တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
တန်ဖိုးမျှတ အိမ်ယာစီမံကိန်းတွင် တိုက်အလုံးပေါင်း ၁၄၀ တည်ဆောက်မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် မေလအတွင်းက တိုက်အလုံးပေါင်း ၃၂ လုံးဆောက်လုပ် ပြီးစီးခဲ့ ကြောင်းသိရသည်။ အဆိုပါ တိုက်အလုံး ၃၂ လုံးမှ တိုက်ခန်းပေါင်း ၆၇၂ ခန်းကို၂၀၁၈ ခုနှစ် သြဂုတ်လအတွင်းက ပင်စင်စားနှင့် ဝန်ထမ်းများကို မဲနှိုက်ရောင်းချခဲ့သည်။
တိုက်ခန်းများကို ရောင်းချရာတွင် လက်ငင်းငွေချေသည့်စနစ်၊ ဘဏ်ချေးငွေဖြင့် ရောင်းချသည့် စနစ်များဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ် သြဂုတ်လအတွင်းက ပထမအကြိမ် ရောင်းချခဲ့သည့် တိုက်ခန်း ၆၇၀ ကျော်တွင် မြေညီထပ်အခန်းများအား ငွေကျပ် သိန်း ၂၆၀၊ ပထမထပ် ကျပ်သိန်း ၂၄၀၊ ဒုတိယထပ် ကျပ်သိန်း ၂၂၀၊ တတိယထပ် ကျပ်သိန်း ၂၁၀၊ စတုတ္ထထပ် ကျပ်သိန်း ၂၀ဝ၊ ပဉ္စမထပ် ကျပ်သိန်း ၁၉၀ ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
အိမို့မို့ခိုင်