မန္တလေး ၁၈ ဇွန်
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် အကောင်အထည်ဖော် တည်ဆောက်ပြီးစီးသည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းများအား မန္တလေးခရိုင် ခြောက်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသော အရပ်ဖက် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား နေရာချထားပေးနိုင်ရန် လျှောက်လွှာများကို ဇွန် ၁၇ ရက်မှ စတင်ရောင်းချပေးနေကြောင်း သိရသည်။
ရောင်းချမည့် တိုက်ခန်းများမှာ တစ်ခန်းလျှင် ၆၆၁ စတုရန်းပေရှိ လေးခန်းတွဲ ခြောက်ထပ်ပါ အခန်းပေါင်း ၄၅၆ ခန်းအပြင် ယခင်နှစ်က ရောင်းချပေးခဲ့ပြီးသော တိုက်ခန်းများမှ ပြန်လည်အပ်နှံလာသည့် အခန်းများနှင့် ပိုင်ရှင်မှ ဆက်သွယ်ခြင်း မရှိသည့် အခန်းများကိုပါ ထည့်သွင်းရောင်းချပေးသွားမည် ဖြစ်သည်။
အောင်မြေသာစံမြို့နယ်မှ တိုက်ခန်းလာရောက်လျှောက်ထားသူ ကျောင်းဆရာတစ်ဦးက “ဒီတိုက်ခန်းတွေကို လျှောက်တာ သုံးကြိမ်ရှိသွားပြီ ပင်စင်ယူဖို့ကလည်း တစ်နှစ်လောက်ပဲ လိုတော့တာဆိုတော့ ပင်စင်ယူပြီးရင် မိသားစု ၅ ယောက် အိုးပိုင်အိမ်ပိုင်လေးနဲ့ နေချင်တာပေါ့။ အခုဒီအကြိမ်ကတော့ မန္တလေးခရိုင်အတွင်းက ဝန်ထမ်းတွေပဲ လျှောက်ခွင့်ရတဲ့အတွက် ရနိုင်ဖို့ နီးစပ်တယ်လို့ မျှော်လင့်ရတာပါပဲ”ဟု ပြောသည်။
တိုက်ခန်းရောင်းချမည့် ဈေးနှုန်းများအနေဖြင့် တစ်ခန်းလျှင် ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်း အပါအဝင် မြေညီထပ် ကျပ် ၂၆၇ သိန်း ၈ သောင်း၊ ပထမထပ် ကျပ် ၂၄၇ သိန်း ၂ သောင်း၊ ဒုတိယထပ် ကျပ် ၂၂၆ သိန်း ၆ သောင်း၊ တတိယထပ် ကျပ် ၂၁၆ သိန်း ၃ သောင်း၊ စတုတ္ထထပ် ကျပ် ၂၀၆ သိန်း၊ ပဉ္စမထပ် ၁၉၅ သိန်း ၇ သောင်းနှုန်းဖြင့် ပွင့်လင်းမြင်သာစွာ မဲစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို တစ်စောင်လျှင် ၅၀ဝ ကျပ်နှုန်းဖြင့် ဇွန် ၁၇ ရက်မှ ၃၀ ရက်အထိ ရုံးပိတ်ရက်များ၌ပါ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရုံးဝင်းအတွင်း နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ရောင်းချပေးသွားမည်ဖြစ်ပြီး တိုက်ခန်းလျှောက်လွှာများကို ဇူလိုင် ၁ ရက်မှ ၁၄ ရက်အထိ ပြန်လည်လက်ခံပေးသွားမည် ဖြစ်သည်။
ယခင်လျှောက်ထားပြီးသူများအနေဖြင့် ပြန်လည်လျှောက်ထားရန်မလိုဘဲ လျှောက်လွှာ လက်ခံပြေစာပြ၍ လာရောက် စာရင်းပေးသွင်းပါက လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)