မန္တလေး  ၁၄   ဖေဖော်ဝါရီ

 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် မြရည်နန္ဒာတန်းဖိုးမျှတအိမ်ရာမှ တိုက်ခန်း ၅၀ဝ ကျော်အား အငြိမ်းစားဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ ပြင်ပပုဂ္ဂလိကကုမဏီဝန်ထမ်းများနှင့် ပြည်သူများ အားရောင်းချပေးသွားမည်ဖြစ်ရာ အဆိုပါ တိုက်ခန်းများအတွက် လျှောက်လွှာဝယ်ယူသူ ၆၀ဝ၀ ကျော်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 

မန္တလေးမြို့ ၆ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော အရပ်ဘက် နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်း စားဝန်ထမ်းများ၊ ကုမဏီဝန်ထမ်းများနှင့် ပြည်သူများအားရောင်းချပေးခဲ့ရာ အရပ်ဘက်နိုင်ငံ့ဝန်ထမ်း ၃၈၂၄ စောင်၊ အငြိမ်းစားဝန်ထမ်း ၉၂၉ စောင်၊ ကုမဏီဝန်ထမ်း အစောင် ၄၇၀ ၊ ပြည်သူ ၁၂၀ဝ စောင်  စုစုပေါင်း ဝယ်ယူသွားသည့် လျှောက်လွှာ ၆၄၂၃ စောင်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရ သည်။

 

မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းမှ အိမ်ခန်းဝယ်ယူလိုသူများအတွက် အိမ်ခန်းလျှောက်လွှာ များကို တစ်စောင်လျှင် တစ်ထောင်ကျပ်ဖြင့် ဇန်နဝါရီလ ၂၇ ရက်မှစတင်၍ ရုံးပိတ်ရက်များအပါအဝင် ဖေဖော်ဝါရီလ ၇ ရက်နေ့ အထိရောင်းချပေးခဲ့ပြီး အဆိုပါလျှောက်လွှာများကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်အတွင်း ပြန်လည်လက်ခံပေးသွားမည်ဖြစ်သည်။

 

ရောင်းချပေးသွားမည့်တိုက်ခန်း ၅၇၄ ခန်းမှာ မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ RC (၄)ခန်းတွဲ (၆)ထပ်၊ အဆောက်အအုံ(၂၁) လုံးမှ အိမ်ခန်းတစ်ခန်းလျှင်(၆၆၁ စတုရန်းပေ) ရှိ အခန်းပေါင်း(၄၀၅)ခန်းနှင့် ယခင်ရောင်းချခဲ့ပြီးသော တိုက်ခန်းများမှ ပြန်လည်အပ်နှံသောအခန်းနှင့် တိုက်ခန်းပိုင်ရှင်များမှ မဆက်သွယ်သော အခန်းတို့ဖြစ်ပြီး တိုက်ခန်းတစ်ခန်းလျှင် ကုန်သွယ်လုပ်ငန်းခွန် (၃)ရာခိုင်နှုန်း အပါအဝင်  မြေညီထပ်တစ်ခန်းလျှင် ငွေကျပ် ၂၈၈ ဒသမ ၄သိန်း၊ ပထမထပ်တစ်ခန်းလျှင် ငွေကျပ် ၂၅၇ ဒဿမ ၅သိန်း၊ ဒုတိယထပ်တစ်ခန်းလျှင် ငွေကျပ် ၂၃၁ ဒဿမ ၇၅သိန်း၊ တတိယထပ်တစ်ခန်းလျှင် ငွေကျပ် ၂၁၁ ဒဿမ ၁၅သိန်း၊ စတုတ္တထပ်တစ်ခန်းလျှင် ငွေကျပ် ၁၉၅ ဒဿမ ၇သိန်း၊ ပဉ္စမထပ်တစ်ခန်းလျှင် ငွေကျပ် ၁၈၀ ဒဿမ ၂၅ သိန်းတို့ဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)